28/05/2023
အင်တာနေရှင်နယ်စကူးလ်ဆိုတာ ဘာလဲ၊ ဘာတွေသင်လဲ
*****************************************************
အင်တာနေရှင်နယ်စကူးလ်(International School) ဆိုတာ နိုင်ငံတကာ အသိမှတ်ပြုထားတဲ့ သင်ရိုး များ အတိုင်းသင်ကြားပြီး ပြည်တွင်း (အစိုးရ) ပြဌာန်းထားတဲ့သင်ရိုးညွှန်းတမ်းတွေ ယူသုံးလေ့မရှိသလို၊ သက်ဆိုင်ရာ အစိုးရ ပညာရေးဌာနအောက်မှာလည်း တိုက်ရိုက် ဆက်နွယ်ထားမှုမရှိတဲ့ သီးသန့် လွတ်လပ်တဲ့ နိုင်ငံတကာ အသိမှတ်ပြု (သို့မဟုတ်) International Awarding Body တွေရဲ့ အောက်မှာ ရပ်တည်နေကြတဲ့ကျောင်းတွေပဲဖြစ်ပါတယ်။
တချို့က UK Cambridge Curriculum (ယူကေ ကိန်းဘရိတ်ချ် သင်ရိုး၊ တချို့က UK Pearson|Edexcel စသဖြင့် နိုင်ငံတကာ မှာ အသုံးများတဲ့သင်ရိုးတွေ အသုံးပြုလေ့ရှိသလို၊ တချို့ကလည်း စင်ကာပူ၊ ဟောင်ကောင်၊ ကနေဒါ၊ အမေရိကန်သင်ရိုးတွေ သုံးကြပြီး၊ International Biccalaureate(IB) ကိုလည်း သုံးကြတဲ့ အင်တာနေရှင်နယ်စကူးလ်တွေလည်း ရှိပါသေးတယ်။
ကျောင်း အများစု အသုံးပြုကြတဲ့ Cambridge International Examinations (CIE) နဲ့ Pearson Edexcel တို့ အကြောင်း ပြောချင်ပါတယ်။
−−−−−−
ဒီနေရာမှာ CIE နဲ့ Edexcel အကြောင်း နည်းနည်းလေး ရှင်းပြချင်ပါတယ်။
Cambridge ဆိုတာ OCR လို့ခေါ်တဲ့ Oxford, Cambridge and RSA Examinations ထဲက တစ်ခုပါပဲ။ အောက်စဖို့ထ်၊ ကိန်းဘရိတ်ချ်တို့ကို သိနိုင်ပေမယ့် RSA ဆိုတာလေး နည်းနည်းထပ်ပြောပါမယ်။ RSA (Royal Society of Arts) ဆိုတာ 1754 ခုနှစ်ကတည်းက တည်ထောင်ခဲ့တဲ့ ဗြိတိန် အဖွဲ့အစည်းတစ်ခုပါ၊ အနုပညာ၊ပိုင်း၊ ဒီဇိုင်းပိုင်း၊ ပညာရေး၊ စီးပွါးရေး နဲ့တခြား နယ်ပယ်မျိုးစုံမှာ တီထွင်မှုတွေ၊ သုတေသနဆိုင်ရာတွေ နဲ့ တခြား အရေးပါတဲ့ အခန်းကဏ္ဌတွေမှာ အဓိက ပါဝင်ခဲ့တဲ့ အဖွဲ့စည်းပါ။
လိုရင်းပြောရရင် ကိန်းဘရိတ်ချ် နဲ့ Edexcel ဆိုတာတွေက ယူကေနိုင်ငံရဲ့ နိုင်ငံတကာ တက္ကသိုလ် နဲ့ပညာရေးအဖွဲ့စည်းပေါင်းများစွာ က အသိမှတ်ပြုတဲ့ ယူကေရဲ့ သီးခြားလွတ်လပ်တဲ့ ဩဇာရှိတဲ့ အသိမှတ်ပြုအဖွဲ့စည်း Awarding Body တွေပဲဖြစ်ပါတယ်။
ဒီလိုအဖွဲ့အစည်းတွေအားလုံးက အစိုးရဌာနအောက်မှာ မဟုတ်ဘဲ Ofqual လို့ခေါ်တဲ့(Office of Qualifications and Examinations Regulation) ကပဲ အရည်အချင်းဆိုင်ရာ၊ စာမေးပွဲဆိုင်ရာ၊ အကဲဖြတ်စစ်ဆေးခြင်းဆိုင်ရာတွေမှာ အစိုးရတစ်ခုလို စံနှုန်းနဲ့ ညီမညီ၊ တရားဝင်မှုရှိမရှိ ၊ ယုံကြည်စိတ်ချရမှုရှိမရှိ နှင့် မျှတမှုရှိမရှိတို့ကို စစ်ဆေးသတ်မှတ်လေ့ရှိပါတယ်။
ဒါကြောင့် လည်း Cambridge တို့ Edexcel တို့ဟာ နိုင်ငံတကာမှာ ယုံကြည်စိတ်ချစွာ အသုံးအများဆုံး သင်ရိုးတွေ ဖြစ်ကြပါတယ်။
−−−−−−−−−−
Primary မှာ ဘာတွေသင်လဲ
ဟိုနေ့ကပြောသလို Primary အဆင့်မှာတော့ Year 1-6 (အသက် ၅−၁၁) အထိပါ။ Year 6 မှာတော့ Checkpoint Exam ဆိုပြီး ကိန်းဘရိတ်ချ် မှာရှိပါတယ်။ စာမေးပွဲဖြေချင်တဲ့ မြန်မာတွေအတွက် အသိမှတ်ပြုစာမေးပွဲ ဖြေနိုင်ပါတယ်။ မဖြေချင်လည်း သက်ဆိုင်ရာ ကျောင်းတွေရဲ့ Assessment စနစ်နဲ့ အတန်းပြီးဆုံးကြောင်း အသိမှတ်ပြု သို့မဟုတ် Report card လိုမျိုးနဲ့လည်း ရပါတယ်။
ပုံမှန်အားဖြင့် တော့ အဓိက ဘာသာရပ်(Core Subjects)တွေ ဖြစ်တဲ့ English, Maths, Science ကတော့ အများစု အတူတူပါပဲ။ ကျန်တဲ့ Minor အနေနဲ့ကတော့ တစ်ကျောင်းနဲ့တစ်ကျောင်း မတူပါဘူး။ ဥပမာ ICT, Global Perspectives, Art and Design, Music, Physical Education စသဖြင့် ရှိကြတယ်။
အင်တာနေရှင်နယ်စကူးလ် အများစု မှာတော့ ကျောင်းသားဗဟိုပြုချဉ်းကပ်သင်ကြားနည်းနဲ့ပဲ သင်ကြားလေ့ရှိကြပါတယ်။ အပြန်အလှန် တုံ့ပြန်မှုနဲ့ ကလေးတွေရဲ့ Curiosity စူးစမ်းမှုနဲ့ Critical Thinking ကိုယ်ပိုင်ဉာဏ်နဲ့ ဖြန့်ထွက်တွေးခြင်း ကို ဆွဲခေါ်စေတယ်။
အတန်းတော်တော်များများမှာ(IGCSE က လွဲရင်) စာမေးပွဲစစ်ခြင်းထက်၊ အဖွဲ့လိုက်ပူးပေါင်းလုပ်ကိုင်တတ်မှု၊ Project, Classroom Activites တွေဖြစ်တဲ့ အပြုအမှု (Behavior), ပူးပေါင်းပါဝင်မှု Participation, ပါဝင်တုံ့ပြန်မှု Engagement ဆိုတာတွေနဲ့ အကဲဖြတ်လေ့ရှိတယ်။
(ဒီအကြောင်းတွေ နောက်ပိုင်းအသေးစိတ်ထပ်ရေးပါမယ်)
−−−−−−−−−
Secondary ပိုင်း
Lower Secondary (Year 7-9) ပိုင်းမှာ ဘာသာရပ်တွေ အများစုက Primary နဲ့သိပ်မကွာ ပေမယ့် Upper Secondary တွေဖြစ်တဲ့ IGCSE ပိုင်းမှာတော့ ဥပမာ Science ဆိုရင် Physics, Chemistry, Biology လိုမျိုး သီးခြား ခွဲထွက်သွားပါတယ်။ ဒါက အရင် မြန်မာက သင်ရိုးဟောင်း ၉ တန်း၊ ဆယ်တန်းနဲ့ ပုံစံ တူပါတယ်။
Year 8 သို့မဟုတ် 9 မှာ လည်း Checkpoint Exam တွေ ဖြေလိုက၊ ဖြေဆိုနိုင်ပြီး၊ IGCSE မှာတော့ မဖြစ်မနေ ဖြေဆိုရပါတယ်။
ဖြေဆိုတဲ့အခါ အနည်းဆုံး ဘာသာရပ်(၅)ခု ဖြေဆိုရပါတယ်။ ကျန်တာကတော့ ကျောင်းသားတစ်ယောက်ရဲ့ ဉီးစားပေး ဘာသာရပ်တွေ စိတ်ကြိုက်ရွေးချယ်ပြီး ဥပမာ Computer Science, Accounting စသည့် ဘာသာရပ် (၇)ခု (၈)ခု စသဖြင့် စိတ်ကြိုက်ဖြေဆိုနိုင်ပါတယ်။
Cambridge စာမေးပွဲ အချိန်တွေကတော့ ပုံမှန်အားဖြင့် May/ June စီးရီး နဲ့ October/ November ဆိုပြီး နှစ်ကြိမ်ရှိပါတယ်။ တချို့နိုင်ငံတွေမှာတော့ အနည်းငယ် ပြောင်းလဲနိုင်ပါတယ်။
Edexcel စာမေးပွဲတွေကတော့ အများအားဖြင့် January စီးရီးနဲ့ May/June စီးရီးတွေမှာ ဖြေဆိုနိုင်ပါတယ်။
ဆက်ပါအုံးမယ်။
ကျေးဇူးတင်ပါတယ်
credit: # soenaingeducation2023