27/02/2024
မပေါ့ဆသင့်တဲ့ချောင်းဆိုးခြင်း
•••••••••••••••••••••••••••••••
ခုတလောချောင်းဆိုးတာတွေအတွေ့ရများလို့ပါ။
ချောင်းဆိုးခြင်းဆိုတာ ခန္ဓာကိုယ်နဲ့ ဓာတ်မတည့်တဲ့အရာတွေကို ပြန်လည်တုံ့ပြန်တဲ့ဖြစ်စဉ်တစ်ခုပါ။
လည်ချောင်းနဲ့ အသက်ရှူလမ်းကြောင်းကို မကောင်းတဲ့အရာတစ်ခုဝင်လာရင် ဦးနှောက်ဆီကိုသတင်းပို့ပါတယ်။ ဦးနှောက်ကနေ ရင်ခေါင်းနဲ့ဗိုက်ကြွက်သားတွေကို ညှစ်စေပြီး ချောင်းဆိုးစေပါတယ်။
💠ချောင်းအစို
ချောင်းအစိုဆိုးရခြင်းအကြောင်းအရင်းကတော့ လူ့ရဲ့ လည်ချောင်း၊ နှာခေါင်း၊ အသက်ရှူလမ်းကြောင်းနဲ့ အဆုတ်က အချွဲတွေကို အပြင်ကို တွန်းထုတ်ပစ်လို့ပဲဖြစ်ပါတယ်။
ချောင်းအစိုဆိုးတဲ့အခါ လည်ချောင်းမှာ တခုခုကပ်နေသလိုခံစားရတတ်ပါတယ်။ တခါတရံ အချွဲတွေက ချောင်းဆိုးရင်း ပါးစပ်ထဲထိရောက်လာတတ်ပါတယ်။
💠ချောင်းအစိုဆိုးပြီဆိုရင် သက်သာစေမယ့် နည်းလမ်းလေးတွေ ဆက်လက်ဖော်ပြပေးချင်ပါတယ်။
▪️ကလေးငယ်တွေမှာဆိုရင်
▪️Humidifier ထားပေးပါ။ လေအေးပေးစက်တပ်တဲ့အခန်းမှာ ကလေးကိုအမြဲထားရင် လေထုထဲမှာအစိုဓာတ်ရအောင် Humidifier ထားပေးသင့်ပါတယ်။ ကလေးငယ်များ ရှူရှိုက်ရတဲ့လေ အေးစက်ခြောက်သွေ့နေရင် ချောင်းဆိုး၊ နှာစေး၊နှာပိတ်ပိုဆိုးတတ်ပါတယ်။
▪️နှာခေါင်းထဲကို ဆားရည်အစက်ချပေးပါ။ ပြီးရင် နှာရည်များကိုသန့်စင်ပေးပါ။
▪️ချောင်းဆိုးတိုင်း ကလေးကို ပိုးသတ်ဆေးတွေ မိမိသဘောနဲ့မိမိမတိုက်ရပါဘူး။
💠လူကြီးများကတော့
▪️OTC drugs လို့ခေါ်တဲ့ ချောင်းဆိုးပျောက်ဆေး ဆေးရည်/ဆေးဝါးများကို သောက်နိုင်ပါတယ်။
ဆေးဝါးတွေမှာပါတဲ့ အညွှန်းအတိုင်း တိတိကျကျသောက်ရင် ချောင်းဆိုးသက်သာလာနိုင်ပါတယ်။
▪️နောက်တစ်ချက်က ရေနွေးငွေ့ရှူပေးပါ။ Steam လို့ခေါ်တဲ့ရေနွေးငွေ့ကို ရှူရှိုက်ရင်လည်း ချောင်းဆိုး၊နှာပိတ်နေတဲ့ ဝေဒနာအတွက် နေရသက်သာစေပါတယ်။
▪️ရေများများသောက်ပါ။ ရေဓာတ်ပြည့်ဝအောင်ပါ။ရေ၊ ဓာတ်ဆားရည်၊ အသီးဖျော်ရည် စတဲ့ အရည်များများ ဝင်အောင်တိုက်ခြင်းဟာ ချောင်းဆိုးနေတဲ့သူရဲ့လည်ချောင်းထဲက ချွဲတွေကို ပါးစေပြီး ချောင်းဆိုးရင် ဟပ်ထုတ်ဖို့ပိုမိုလွယ်ကူစေပါတယ်။
▪️၁ပတ်ကျော်ပြီးချောင်းဆိုးနေရင်၊ သလိပ်အဝါရောင်တွေထွက်လာနေရင်တော့ ပဋိဇီဝဆေး လိုကောင်းလိုအပ်နိုင်ပါတယ်။ ဆရာဝန်နဲ့ပြသသင့်ပါတယ်။
💠ချောင်းဆိုးခြင်း နောက်တစ်မျိုးကတော့ ချောင်းခြောက်ဆိုးခြင်းဖြစ်ပါတယ်။ Dry Cough လို့ခေါ်ပါတယ်။
ချောင်းခြောက်ဆိုးတဲ့အခါ လည်ပင်းထဲမှာ ကလိထိုးသလိုယားလာပြီး ချောင်းဆိုးနိုင်ပါတယ်။ ကလေးနဲ့လူကြီးများမှာ ရာသီတုပ်ကွေး ၊ အအေးမိခြင်းဖြစ်ပြီး ပြန်ကောင်းသွားတဲ့အချိန်မှာ ချောင်းခြောက်ဆိုးတာက ကျန်နေတတ်ပါတယ်။
နောက်အခြေအနေတစ်ခုကတော့ မပေါ့ဆသင့်တဲ့ အဆုတ်လေပြွန်ရောင်ခြင်းပါ။ အသက် တစ်လမှ ၉လအတွင်းရှိကလေးများမှာ အဆုတ်လေပြွန်ရောင်ရမ်းခြင်းဟာ အဖြစ်များပါတယ်။ ဖြစ်ရင် ပြင်းထန်တတ်တဲ့အခြေအနေလည်းရှိပါတယ်။ ဆောင်းတွင်းမှာပိုဖြစ်နိုင်ပါတယ်။ အသက်တစ်နှစ်အထက်မှာတော့ အဖြစ်နည်းသွားနိုင်ပါတယ်။
💠ဖြစ်စေရတဲ့အကြောင်းရင်း
▪️RSV လို့အတိုကောက်ခေါ်တဲ့ Respiratory Syncitial Virus
▪️Parainfluenza Virus
▪️Adenovirus စတဲ့ ဗိုင်းရပ်စ်ပိုးကောင်တွေကြောင့်ဖြစ်ရတာပါ။ အသက်ရှူလမ်းကြောင်းကနေတစ်ဆင့်ကူးစက်ခြင်းဖြစ်ပါတယ်။ ဒီ Virus များဟာ အလွယ်တကူပျံ့နှံ့နိုင်ပါတယ်။ နေမကောင်းဖြစ်နေသူက နှာချေချာင်းဆိုးတဲ့အခါ လေထဲမှာရှိတဲ့အမှုန်များမှ တစ်ဆင့်ကူးစက်ပါတယ်။ အရာဝတ္ထုများကို ကိုင်တွယ်ပြီး လက်မဆေးဘဲ မျက်နှာကိုပွတ်သပ်မိတဲ့အခါမှာလည်း ကူးစက်တတ်ပါတယ်။
💠ရောဂါလက္ခဏာများ
▪️အအေးမိဖျားနာသလိုလက္ခဏာမျိုးကို ရှေ့ပြေးအနေနဲ့တွေ့ရတတ်ပါတယ်။ နောက်ပိုင်းမှာ ချောင်းခြောက်ဆိုးခြင်းနဲ့ မောခြင်းဖြစ်လာပါတယ်။
▪️ရံဖန်ရံခါ တရွှီရွှီမြည်သံကြားရတတ်ပါတယ်။
▪️ကလေးကမောတဲ့အတွက် နို့စို့ရခက်ခဲတာ၊ အစားကျွေးရခက်တာတွေကိုပါတွေ့ရနိုင်ပါတယ်။
▪️လသားကလေးအငယ်များမှာဆိုရင် အိပ်နေရင်း စက္ကန့်ပိုင်း အသက်ရှူရပ်သွားလိုက် ပြန်ရှူလိုက် စတဲ့အခြေအနေကိုလည်းတွေ့ရနိုင်ပါတယ်။
🔺မွေးရာပါနှလုံးရောဂါရှိတဲ့ကလေးများ၊ Bronchopulmonary Dysplasia လို့ခေါ်တဲ့ အဆုတ်လေပြွန်ပြဿနာရှိတဲ့ကလေးများ၊ ပေါင်မပြည့်လမစေ့ကလေးငယ်များမှာဆိုရင် ဒီရောဂါက ပြင်းထန်တတ်ပါတယ်။
💠အဆုတ်လေပြွန်ရောင်ရမ်းခြင်းရဲ့ သိသာထင်ရှားသောရောဂါလက္ခဏာများ
▪️ချောင်းခြောက်ဆိုးခြင်း
▪️အသက်ရှူမြန်ခြင်း
▪️အသက်ရှူစဉ် နံရိုးအောက်နှင့် နံရိုးကြားကြွက်သားများ ချိုင့်ဝင်ခြင်း
▪️ရင်ဘတ်အလွန်ဖောင်းအောင် အသက်ကိုရှူနေရခြင်း
▪️ချွဲနဲ့အရည်ရောသံကြားနေရခြင်း
▪️တရွှီရွှီမြည်ခြင်း
▪️နှလုံးခုန်မြန်ခြင်း
▪️ပြာနှမ်းခြင်း စသည်တို့တွေ့ရတတ်ပါတယ်။
ဒီလိုရောဂါဖြစ်ပြီဆိုရင် ဆရာဝန်များက ရောဂါရာဇဝင်မေးမြန်းခြင်း၊ စမ်းသပ်ခြင်းနဲ့ လိုအပ်တဲ့စစ်ဆေးမှုများပြုလုပ်ပြီး ရောဂါကိုအဖြေရှာနိုင်ပါတယ်။ (ဥပမာ သွေးစစ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသဖြင့်)
💠ရောဂါဖြစ်တဲ့အခါ ဆောင်ရန်အချက်များ
▪️ကိုယ်ပူချိန်တက်ရင် အဖျားကျဆေး ပါရာစီတမောကို 15mg/kg/dose ကို ၆-၈နာရီခြားတိုက်နိုင်ပါတယ်။ ၃လအောက်ကလေးဆိုရင်တော့ ဆေးခန်းမဖြစ်မနေပြရပါမယ်။
▪️ကလေးနှာခေါင်းပိတ်နေရင် Normal Saline အစက်ချပြီးထည့်ပေးလို့ရပါတယ်။
▪️အသက်ရှူရလွယ်ကူအောင် ကလေးကိုထောင်ထောင်မတ်မတ်လေးချီထားပေးပါ။
▪️အရည်များများတိုက်ပေးပါ။ အစာကြေလွယ်သည်များကို နည်းနည်းနဲ့ မကြာခဏကျွေးပါ။
💠ရှောင်ရန်
▪️ကလေးနားမှာဆေးလိပ်မသောက်ပါနဲ့။
▪️အဖျားကြီးတဲ့ကလေးကို ကိုယ်တုံးလုံးထားတာမျိုးမလုပ်ပါနဲ့။ ထို့အတူ လေသလပ်ပြီးပြန်ဖျားမယ်ဆိုတဲ့အတွေးမှားတွေးပြီး ထူထဲတဲ့အဝတ်တွေအများကြီးဝတ်ပေးထားတာမျိုးလည်းမလုပ်သင့်ပါဘူး။
▪️ဆရာဝန်မညွှန်ကြားဘဲ Ibuprofen နဲ့ Paracetamol ဆေးများကို ၂ခုရောပြီးမတိုက်ရပါ။
▪️မက်ကလောင်မခြစ်ရပါ။ ရောဂါပိုးကူးစက်ခြင်း ပိုဆိုးဝါးပြီး sepsis ဟုခေါ်တဲ့သွေးဆိပ်တက်ခြင်းဖြစ်ကာ အသက်အန္တရာယ်ရှိနိုင်ပါတယ်။
▪️၃လအောက်ကလေးငယ်ဖျားရင် မိမိသဘောနဲ့မိမိဆေးမတိုက်ရပါ။ဆရာဝန်ပြပါ။
💠ကလေးများမှာ အဆုတ်လေပြွန်ရောင်ရမ်းခြင်းဖြစ်တာကိုကာကွယ်နိုင်ဖို့
▪️လူကြီးများက လက်ကိုမကြာခဏဆေးကြောပါ။
ကလေးရဲ့လက်ကိုပါသန့်စင်ဆေးကြောပေးပါ။
▪️အရုပ်များ၊အိမ်ကြမ်းပြင်စသည်တို့ကိုပါ သန့်ရှင်းပေးပါ။
▪️လက်ကိုင်ပုဝါထက် တစ်ခါသုံးတစ်ရှူကိုသာသုံးပြီး စနစ်တကျစွန့်ပစ်ပါ။
▪️လသားကလေးငယ်များကို သူစိမ်းများမှ ကိုင်တွယ်ခြင်း၊ ချီခြင်း ၊ ပွေ့ဖက်နမ်းရှုံ့ခြင်းများ မပြုလုပ်ပါစေနဲ့။ လူကြီးများကခံနိုင်ရည်ရှိလို့ အအေးမိတုပ်ကွေးလောက်သာဖြစ်ပေမယ့် ကလေးငယ်လေးများမှာတော့ အဆုတ်လေပြွန်ရောင်ရမ်းခြင်းအထိဖြစ်သွားနိုင်ပါတယ်။
▪️ဖျားနာနေသူနဲ့ အနည်းဆုံး ၂ပတ် သီးခြားထားပါ။
အရေးကြီးဆုံးကတော့ ကလေးငယ်နားမှာ ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ဖို့ပါပဲ။ ဆေးလိပ်ငွေ့ကိုရှူရှိုက်ရတဲ့ကလေးငယ်မှာ အဆုတ်လေပြွန်ရောင်ရမ်းခြင်းဖြစ်နိုင်ခြေပိုမြင့်မားပါတယ်။
🔺ဆရာဝန်နဲ့ ပြသင့်တဲ့အခြေအနေများ
▪️ကလေးငယ်ဟာ ၃လအောက်ကလေးငယ်ဖြစ်နေမယ်ဆိုရင်
▪️ကလေးငယ်ဟာ ၃လမှ၆လအရွယ်ဖြစ်နေပြီး အပူချိန်မှာ 39'C ကျော်နေမယ်ဆိုရင်
▪️အဖျားကြီးခြင်းနဲ့အတူ အနီစက်တွေ ခန္ဓာကိုယ်မှာထွက်လာတာကိုတွေ့ရမယ်ဆိုရင်
▪️ဖျားခြင်း၊ နှာရည်ယိုခြင်း၊ အသက်ရှူမြန်ခြင်း
(အသက် ၂လမှ ၁၁ လ - အသက်ရှူနှုန်း တစ်မိနစ်လျှင် ၅၀နဲ့အထက်
အသက် ၁နှစ်မှ ၅နှစ် - အသက်ရှူနှုန်း တစ်မိနစ်လျှင် ၄၀ နှင့်အထက် ဆိုလျှင် အသက်ရှူမြန်တယ်လို့သတ်မှတ်နိုင်ပါတယ်)
▪️ရေဓာတ်ခန်းခြောက်တဲ့လက္ခဏာများ( ဆီးနည်းခြင်း၊ ငိုရင်တောင် မျက်ရည်မထွက်ခြင်း၊ ငယ်ထိပ်ချိုင့်ခြင်း၊ မျက်တွင်းချိုင့်ခြင်း) တွေ့ရှိရရင် ဆရာဝန်နဲ့ မဖြစ်မနေပြသသင့်ပါတယ်။
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။
မောင်(ဆေး-၁)မာမီ
✅စာများကို လွတ်လပ်စွာ share နိုင်ပါတယ်။ ခွင့်ပြုချက်တောင်းရန်မလိုပါ။
❗️တစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံပါတယ်။