13/09/2024
အစိမ်းရောင် လက်ဖက်ခြောက်က နေရောင်ခြည်နဲ့ အခြောက်ခံတာ မဟုတ်လို့ ပါဝင်တဲ့ ပေါ်လီဖီနော (Polyphenol)တွေ မပျက်စီးပါဘူး။အစိမ်းရောင်လက်ဖက်ခြောက်က အမဲရောင် လက်ဖက်ခြောက် ထက် ကျန်းမာရေးအကျိုး ကျေးဇူး တွေ ပိုရပါတယ်။
လက်ဖက်ရည်ကြမ်းကို ပုံမှန်သောက်သုံးခြင်းအားဖြင့် အောက်ပါ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။
၁။အိုမင်းရင့်ရော်တာကို ကာကွယ်ပေးခြင်း
လက်ဖက်ရည်ကြမ်းမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ဒြပ်ပေါင်းတွေဖြစ်တဲ့ Flavonoids နဲ့ Catechins တွေက ပါးရည်တွန့်ခြင်း၊ အသားအရေပျက်စီးခြင်းကို ဖြစ်ပေါ်စေတဲ့ ဖရီးရာတီကယ်(Free Radicals)တွေကို တိုက်ဖျက်ပေးပြီး ဆဲလ်တွေကို ဒဏ်ရာရခြင်းမှ ကာကွယ်ပေးပါတယ်။ဖရီးရာတီကယ်(Free Radicals)တွေက ရုပ်ကိုအိုစေပြီး တခြားရောဂါအများစုနဲ့လည်း ဆက်စပ်နေပါတယ်။ လက်ဖက်ရည်ကြမ်းမှာ ပါဝင်တဲ့ ပိုလီဖီနော်နဲ့ ဖလာဗီနွိုက်ဓါတ်ပေါင်းဟာ ကိုယ်ခံစွမ်းအားစနစ် ကို ကောင်းမွန်စေပြီး ရောဂါပိုးကူးစက်မှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။
၂။ ဦးနှောက်စွမ်းရည်ကို မြင့်မားစေခြင်း
လက်ဖက်ရည်ကြမ်းသောက်သုံးခြင်းက စိတ်ကို လန်းဆန်းစေပြီး ဦးနှောက်ကို ကြည်လင်စေပါတယ်။ လက်ဖက်ရည်ကြမ်းမှာ Caffeine ဓာတ်နဲ့ Amino Acid L-Theanine ပါဝင်တာမို့ ဦးနှောက်ရဲ့ စွမ်းရည်တွေကို မြင့်မားစေပါတယ်။
၃။ အဆီကျစေခြင်း
လက်ဖက်ရည်ကြမ်းဟာ ကိုယ်အလေးချိန်လျှော့ချနိုင်ဖို့လည်း ထိရောက်စွာ ကူညီပေးနိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ကိုယ်တွင်းဇီဝဖြစ်ပျက်မှုကို အားကောင်းစေပြီး အဆီလောင်ကျွမ်းမှုကို မြန်ဆန်စေနိုင်ပါတယ်။ လက်ဖက်ရည်ကြမ်းဟာ တစ်နေ့ကို ကယ်လိုရီ ၇ဝ လျှော့ချပေးနိုင်ပြီး တစ်နှစ်ကို ကိုယ်အလေးချိန် ၇ ပေါင်လောက်အထိ လျှော့ချပေးနိုင်စွမ်းရှိပါတယ်။
၄။ ကင်ဆာရောဂါဖြစ်ပွားမှုကို လျော့ပါး စေခြင်း
ကမ္ဘာပေါ်မှာ ကင်ဆာရောဂါကြောင့် နှစ်စဉ် ၃•၅ သန်း သေဆုံးလျက်ရှိပါတယ်။ လက်ဖက်ရည်ကြမ်းဟာ ကင်ဆာရောဂါဖြစ်ပွားနိုင်မှုကို လျှော့ချပေးနိုင်ပါတယ်။ ၂၀၀၈ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စု၊ မီချီဂင်ပြည်နယ်မှာ ရှိတဲ့ ဝေးလ်တက္ကသိုလ်(Wayne State University)က ကင်ဆာသုတေသနပညာရှင်တွေ၊ ကနေဒါမှာရှိတဲ့ မက်ဂေးတက္ကသိုလ်က (McGill University)က ဓာတုဗေဒပညာရှင်တွေ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာရှိတဲ့ အိုရှန်းတက္ကသိုလ်(Ocean University of China)က ဓာတ်ခွဲခန်းကျွမ်းကျင်ပညာရှင်တွေနဲ့ ဟောင်ကောင်တက္ကသိုလ်က ဇီဝဗေဒ ပညာရှင်တွေ စုပေါင်းပြီး လက်ဖက်စိမ်းမှာ ပါတဲ့ ဓာတ်ပစ္စည်းတွေနဲ့ ကင်ဆာရောဂါ ကို ကာကွယ် ကုသနိုင်ပုံတွေကို လေ့လာဖော်ထုတ်ခဲ့ကြပါတယ်။လက်ဖက်စိမ်းမှာ ပါတဲ့ EGCG(ကင်ဆာတိုက်ဖျက်တဲ့ ဒြပ်) ဟာ ကင်ဆာဆဲလ်တွေ ပွားများရာမှာ မရှိမဖြစ် လိုအပ်တဲ့ ပရိုတီဆုန်း(Proteasome)ကို ဟန့်တားပိတ်ပင် ပေးလို့ ကင်ဆာဆဲလ်တွေ ပွားလို့မရခြင်းကို ဖြစ်စေပါတယ်။ကင်ဆာဆဲလ်တွေ သေဆုံးခြင်းကို လည်း အားပေးသေးတယ်လို့ တွေ့ရှိခဲ့ကြပါတယ်။
လက်ဖက်ရည်ကြမ်း ပုံမှန်သောက်တဲ့လူတွေက ရင်သားကင်ဆာဖြစ်ပွားနှုန်း၊ အစာအိမ်နဲ့ အူမကြီး ကင်ဆာဖြစ်နှုန်း၊ ဆီးကြိတ်ကင်ဆာဖြစ်နှုန်း၊အဆုတ်ကင်ဆာနဲ့ အသည်းကင်ဆာ ဖြစ်ပွားနှုန်းတွေကို လျှော့ကျစေနိုင်ပါတယ်။
၅။ အယ်လ်ဇိုင်းမားစ်နဲ့ ပါကင်ဆန်ရောဂါတွေမှ ကာကွယ်ပေးခြင်း
လက်ဖက်ရည်ကြမ်းဟာ မှတ်ဥာဏ်ချို့ယွင်းလာတဲ့ ရောဂါတစ်မျိုးဖြစ်တဲ့ အယ်လ်ဇိုင်းမားစ်ရောဂါကို သက်သာစေပါတယ်။ အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားမှုကို ဦးတည်နေတဲ့ ဦးနှောက်တွင်း ဖြစ်စဉ်တစ်ခုကို နှောင့်နှေးစေနိုင်တဲ့အစွမ်းတွေ လက်ဖက်ရည်ကြမ်းမှာ ရှိနေပါတယ်။လက်ဖက်ရည်ကြမ်းသောက်သုံး တဲ့သူတွေက ပါကင်ဆန်ရောဂါ ဖြစ်ပွားနိုင်ခြေ အလွန်နည်းပါးပါတယ်။
၆။ခံတွင်းနံ့ဆိုးဝါးခြင်းကို ကာကွယ်ပေးခြင်း
လက်ဖက်ရည်ကြမ်းမှာပါတဲ့ Catechinsက ခံတွင်းထဲက သွားပိုးစားခြင်းကို ဖြစ်စေတဲ့ Streptococcus Mutans ဘက်တီးရီးယားပေါက်ဖွားနှုန်းကို နည်းပါးစေပါတယ်။ ခံတွင်းနံ့ဆိုးဝါးမှုကိုလည်း လျော့နည်း စေနိုင်ပါတယ်။
၇။ ဆီးချိုရောဂါဖြစ်ပွားနှုန်းကို နည်းပါးစေခြင်း
လက်ဖက်ရည်ကြမ်းဟာ သွေးတွင်းသကြားပါဝင်မှု ရုတ်တရက် တိုးမြင့်လာခြင်းကို ကာကွယ်ပေးပါတယ်။
လက်ဖက်ရည်ကြမ်းက သွေးတွင်းသကြားဓာတ်ကို လျှော့ကျစေပြီး ဆီးချိုရောဂါ ဖြစ်ပွားနှုန်းကို ၄၂ %အထိ လျှော့ကျစေနိုင်ပါတယ်။
၈။နှလုံးသွေးကြောရောဂါတွေမှ ကာကွယ်ပေးခြင်း
လက်ဖက်ရည်ကြမ်းက သွေးတိုးခြင်းကိုဖြစ်ပေါ်စေတဲ့ angiotensin တွေကို ဖိနှိပ်ပေးခြင်းဖြင့် သွေးတိုးခြင်းကို ကျဆင်းစေပါတယ်။လက်ဖက်ရည်ကြမ်းဟာ မကောင်းတဲ့ကိုလက်စထရော LDL ကို လျှော့ချပေးပြီး နှလုံးရောဂါနဲ့ လေသင်တုန်းဖြတ်ခြင်းကို ကာကွယ်ပေးပါတယ်။
၉။အဝလွန်ခြင်းရဲ့ ဆိုးကျိုး တွေကို ကျဆင်းစေခြင်း
လက်ဖက်ရည်ကြမ်းဟာ အဆီဆဲလ်အတွင်း သကြားဓါတ်ရွှေ့လျားမှုကို ရပ်တန့်စေခြင်းအားဖြင့် အဝလွန်ခြင်းကို တားဆီးပေးပါတယ်။ ရေနွေးကြမ်းကို တစ်နေ့ ၃ခွက် ပုံမှန် သောက်ပေးခြင်းဖြင့် ဗိုက်မှာ ပိုနေတဲ့ အဆီတွေကို လျှော့ချပေးတယ်လို့ ဆိုပါတယ်။
၁၀။ သက်ရှည်ကျန်းမာစေခြင်း
ဂျပန်နိုင်ငံ၊တိုဟိုကူ တက္ကသိုလ်တွင် ၁၉၉၄ ခုနှစ်မှ စပြီး လက်ဖက်ရည်ကြမ်းရဲ့ ကျန်းမာရေး အကျိုးပြုပုံတွေကို လေ့လာခဲ့ကြပါတယ်။ ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းဒေသမှာနေထိုင်တဲ့ အသက် ၄ဝ မှ ၇၉ နှစ်အတွင်း ရှိ လူပေါင်း ၄၀၅၃၀ ကို သုတေသနပြုလုပ်ကာ စစ်တမ်းတွေကောက်ယူခဲ့ပါတယ်။ အဲဒီဒေသမှာ နေတဲ့ လူအများစု(၈၀%)က နေ့စဉ် လက်ဖက်ရည်ကြမ်းကို သောက်သုံးကြပါတယ်။ ၎င်းတို့အနက် ထက်ဝက်ခန့်က နေ့စဉ် အနည်းဆုံး လက်ဖက်ရည်ကြမ်း သုံးခွက်ခန့် သောက်သုံးကြပါတယ်။ လေ့လာမှုကို ၁၉၉၅ မှ ၂၀၀၅ ခုနှစ်အထိ ပြုလုပ်ခဲ့ကြပါတယ်။ အဆိုပါ လေ့လာချက်အရ နေ့စဉ် လက်ဖက်ရည်ကြမ်း ငါးခွက်အနည်းဆုံး သောက်သုံးသူဟာ လက်ဖက်ရည်ကြမ်း တစ်ခွက် သို့မဟုတ် ၎င်းထက် လျော့နည်း သောက်သုံးသူနဲ့ နှိုင်းယှဉ်ပါက သေဆုံးမှု ၁၆% လျော့နည်း ကြောင်း၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါများကြောင့် သေဆုံးမှုနှုန်း အမျိုးသားတွေမှာ ၂၂%၊ အမျိုးသမီးတွေမှာ ၃၁%လျော့နည်း ကြောင်း၊လေဖြတ်ခြင်းမှ အမျိုးသားတွေမှာ ၃၅%၊ အမျိုးသမီး တွေမှာ ၄၂% လျော့နည်း ကြောင်း တွေ့ရှိခဲ့ပါတယ်။
၁၁။အသည်းရောင် စီရောဂါပိုး မှ ကာကွယ် ပေးခြင်း
အသည်းရောင် စီရောဂါပိုးဟာ ကမ္ဘာ့လူဦးရေ ရဲ့ ၃ ရာခိုင်နှုန်း ထိ ကူးစက်ပျံ့နှံ့လျက်ရှိပါတယ်။ အသည်းရောင် စီရောဂါပိုးကြောင့် အသည်းခြောက်ရောဂါနဲ့ အသည်းကင်ဆာတွေ ဖြစ်ကာ အသက်အန္တရာယ်ကို ထိခိုက်နိုင်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ ဂျာမနီနိုင်ငံရှိ ဟန်နိုဗာဆေးတက္ကသိုလ်(Hannover Medical School)က ပညာရှင်တွေက လက်ဖက်စိမ်းမှာ ပါဝင်တဲ့ EGCG ရဲ့ အသည်းရောင် စီရောဂါပိုး အပေါ်မှာ အကျိုးသက်ရောက်မှုကို သိပ္ပံ နည်းကျ လေ့လာခဲ့ကြပါတယ်။ EGCG က အသည်းရောင်စီ ရောဂါပိုးကို ဟန့်တားရာမှာ ထိရောက်မှုရှိကြောင်း တွေ့ရှိခဲ့ကြပါတယ်။ စီပိုး ပျံ့နှံ့ မှုကို အများကြီး လျော့နည်း စေကြောင်း တွေ့ရှိခဲ့ကြပါတယ်။ ဒါကြောင့် အသည်းရောင် စီပိုး ကူးစက်ခံနေရတဲ့ လူတွေအနေနဲ့ လက်ဖက်ရည်ကို နေ့စဉ်သောက်သင့်ပါတယ်။
လက်ဖက်ရည်ကြမ်းက အစာအိမ်လမ်းကြောင်းမှ သံဓာတ် စုပ်ယူမှုကို တားဆီးတာမို့ သွေးလှူရှင်တွေအနေနဲ့ သွေးလှူ မယ့်နေ့တွေမှာ မသောက်သုံးသင့်ပါဘူး။ သွေးအားတိုးဆေးတွေနဲ့ အတူမသောက်သင့်ပါဘူး။ နွားနို့နဲ့ရောသောက်ရင်လည်း လက်ဖက်ရည် ကြမ်းရဲ့ အာနိသင်ကို လျော့နည်း စေတာမို့ အတူတွဲပြီး မသောက်သင့် ပါဘူး။ကျွန်တော်တို့ လူသားတွေဟာ တစ်နေ့ကို ရေနွေးကြမ်း ၃ခွက်ကနေ ၅ခွက်သောက်ပေးသင့် တယ်လို့ နယ်သာလန် ကျန်းမာရေးကောင်စီက အကြံပြုထားပါတယ်။ လက်ဖက်ရည်ကြမ်းသောက်သုံးကာ အထက်ပါကျန်းမာရေး ကောင်းကျိုးတွေရယူကြဖို့ ကျန်းမာရေး အသိပေးလိုက်ရပါတယ်။
#ဟမ်စိုင်း(ဆေး-မန်း)