11/01/2021
မီတာခသက်သာဖို့
±±±±±±±±±±±±±±
ခလုတ်ပိတ် ထားသော်လည်း ပလပ်ဖြုတ် မထားလျှင် လျှပ်စစ်ဓါတ်ကို ဆွဲယူ သုံးစွဲနေသော ပစ္စည်းများ
မကြာမှီ လျှပ်စစ်မီး သုံးစွဲခတွေလည်း မြှင့်မယ်လို့ ကြားနေရပါတယ်။ ပြည်သူတွေကလည်း လျှပ်စစ်မီးကိုလျော့သုံးဖို့ ကြိုးစားနေကြမှာပါ။ ဒါကြောင့် မသုံးစွဲပဲပိတ်ထားပေမယ့်လည်း လျှပ်စစ်အားသုံးကို စွဲယူသုံးနေတဲ့ လျှပ်စစ်ပစ္စည်းများအကြောင်းကို ပြောပြ ခြင်ပါတယ်။
၁။ ဖုန်း Charger
လူတွေတော်တော်များများက ဖုန်းအားသွင်းတဲ့ ခလုတ် (Charger) ကို ဖုန်းနဲ့ မသွင်းထားရင်တောင် ပလပ်ပေါက်နဲ့ ဒီအတိုင်း တပ်ထားလေ့ရှိပါတယ်။ အဲ့လိုထားရင် ဖုန်းအားမသွင်းပဲနဲ့တောင် တစ်နေ့လုံးကို 1.2 W လောက် ကုန်နေပါလိမ့်မယ်။ ဒါကြောင့် ဖုန်းအားသွင်းပြီးရင် charger ပါဖြုတ်ထားပါ။
၂။ TV Tuner
တီဗီရဲ့ Channel လိုင်းလေးတွေကို ရှာပေးတဲ့ Digital TV Tuner လေးတွေကို တီဗီပဲ ပိတ်ပြီး Tunerကို မပိတ်ပဲ ထားမိရင် တစ်နေ့ကို 22W ကုန်နေပါလိမ့်မယ်။ တော်တော်များများက တီဗီပိတ်ရုံနဲ့ပဲ လုံလောက်ပြီလို့ ထင်နေကြတတ်ပါတယ်။
၃။ တီဗီ (TV)
တီဗီကို ခလုတ်လုံး၀ ပိတ်လိုက်တာမဟုတ်ပဲ Standby Modeပဲ ထားရင်လည်း တစ်နေ့ကို လျှပ်စစ်မီး 24 Wလောက် ကုန်နေပါလိမ့်မယ်။
၄။ ကွန်ပျုတာ ( computer )
ကွန်ပျုတာတို့ Laptop တို့ကို ပိတ်ရုံဘဲပိတ်ပြီး ပလပ်တွေ မဖြုတ်ထားပါက တစ်နေ့ကို 96 W လောက်ကုန်နေပါလိမ့်မယ်။ အကယ်၍ Standby Mode တို့ Sleep Mode တို့ထားပြီး ပလပ်ကိုမဖြုတ်ထားရင် ဒီထက် ၁ဆ ခွဲလောက်ကုန်ပါလိမ့်မယ်။
၅။ Timer ပါတဲ့ အိမ်သုံးစက်ပစ္စည်း
Timerပါတဲ့ အိမ်သုံးစက်ပစ္စည်းတွေဖြစ်တဲ့ Oven တို့ကို ပလပ်ကြိုးမဖြုတ်ထားပါက တစ်နေ့ကို 108 W လောက်ကုန်နေပါလိမ့်မယ်။
တတ်နိုင်ရင် ကိုယ်မသုံးသေးဘူးဆိုရင် လျှပ်စစ်ပစ္စည်းတွေရဲ့ ပလပ်ကြိုးတွေကိုဖြုတ်ထားပါ။ ခလုတ်ပိတ်ထားရင်တောင်မှ သူတို့က လျှပ်စစ်ပါဝါကို ဆွဲနေတတ်ပါတယ်။ ဒါကြောင့် အိမ်မှာ ဘယ်သူမှ မရှိတဲ့အချိန် ဝါယာရှော့တွေ မဖြစ်အောင်လည်း ပလပ်ကြိုးတွေကို ဆွဲဖြုတ်ထားဖို့ လိုပါတယ်။
သူ့အလိုလို အလဟဿသ ဖြစ်နေတဲ့ လျှပ်စစ်မီးတွေက တစ်ခုချင်းစီဆိုရင် နည်းတယ်လို့ ထင်ရပေမယ့် လျှပ်စစ်ပစ္စည်း အများကြီးကို ရက်ပေါင်းများစွာ၊ လပေါင်းများစွာ စုလိုက်ရင် အနည်းဆုံး ကိုယ့်ပိုက်ဆံ သောင်းဂဏန်း သိန်းဂဏန်းလောက်က အလဟာသ ဖြစ်မှာ ဖြစ်ပါတယ်
÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷
မီတာခ ပုံမှန်ထက် ပိုမကျအောင် ရှောင်သင့်
±±±±±±±±±±±±±±±±±±±±±±±±±±±±±±±±±
သည့် အချက် ( ၂၄ ) ချက်
±±±±±±±±±±±±±±±±±±±±
လျှပ်စစ်ဓာတ်အားကို သုံးစွဲရာတွင် စနစ်တကျ အသုံးမပြုခြင်း၊ မလိုအပ်ပဲ ပိုသုံးထားခြင်း စသည့်အချက်များက သင့်အိမ်ရဲ့ မီတာခကို ပုံမှန်ထက် ပိုမို ကျသင့်စေနိုင်ပါသည်။
ထို့ကြောင့် မီတာခ ချွေတာနိုင်ရန်အတွက် ဆောင်ရန်၊ ရှောင်ရန် အချက်များကို ဖော်ပြပေးလိုက်ပါသည်။
(၁) တစ်အိမ်လုံးတွင် မည်သူမျှ မရှိနေချိန်၌ မလိုအပ်သော လျှပ်စစ်အသုံးပြုမှု အားလုံးကို ပိတ်ခြင်းဖြင့် လျှပ်စစ်ကို ချွေတာသုံးစွဲပါ။
(၂) မီးပူတိုက်နေစဉ်၊ တစ်ခုခုလုပ်ရန် ခေတ္တ ထသွားပါက၊ မီးပူခလုပ်ကို ပိတ်ခဲ့ခြင်းဖြင့် လျှပ်စစ်အသုံးကို ချွေတာပါ။
(၃) အမှန်တကယ် ကြည့်မည့်အချိန်၌သာ တီဗွီကိုဖွင့်ပါ။ ကြည့်သူမရှိဘဲ အချိန်ပြည့် ဖွင့်ထားခြင်းကို ရှောင်ကြဉ်ပါ။
(၄) မျက်နှာသစ်စဉ်၊ သွားတိုက်နေစဉ် ရေပိုက်ခေါင်းကို ဖွင့်ထားပါက၊ ရေဆုံးရှုံးရပြီး၊ ရေပြန်တင်ရန် လျှပ်စစ်သုံးဖို့ လိုအပ်လာပါမည်။ ထို့ကြောင့် သွားတိုက်နေစဉ် ရေပိုက်ခေါင်းကို ပိတ်ထားခြင်းဖြင့် လျှပ်စစ်ကို ချွေတာပါ။
(၅) လူရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ပန်ကာများကို ဆက်တိုက်ဖွင့်ထားခြင်းက မီတာခ ပိုကျစေပါ၍ အသုံးလိုမှ ဖွင့်ပါ။
(၆) လေအေးပေးစက်၏ အပူချိန်ကို နေသာထိုင်သာရှိသော 24-25°C ခန့် ရှိရုံသာ အသုံးပြုသင့်ပါသည်။
(၇) တီဗွီနှင့် အောက်စက်တို့ကို အသုံးမပြုသည့်အခါ လျှပ်စစ်ခလုပ်ကို အပြီးပိတ်ပါ။ Remote Control ဖြင့်သာ ပိတ်၍ Standby Mode ဖြင့် ထားသည့်တိုင် လျှပ်စစ်မီတာတက်နေပါမည်။
(၈) အပေါ်ရေတိုင်ကီ ရေပြည့်သည်နှင့် ရေတင်စက်ကို အလိုအလျောက်ရပ်စေမည့် စနစ်အား အသုံးပြုပါ။ ရေများ လျှံကျသည်ကို မြင်ရ ကြားရမှ ရေမော်တာကို ပြေးပိတ်ခြင်းက လျှပ်စစ်လေလွင့်မှု ဖြစ်စေပါသည်။ မီတာခ ပို၍ ကုန်စေပါမည်။
(၉) ကွန်ပျူတာကို အသုံးမပြုသည့်အခါ လျှပ်စစ်ခလုပ်ကို ပိတ်ပါ။ Standby mode ဖြင့် ထားသည့်တိုင် လျှပ်စစ်စားမှု ရှိနေသည်ကို သတိပြုစေလိုပါသည်။
(၁၀) Exhaust Fan များကို လိုအပ်သည့်အချိန်သာ သုံးပါ။ အချိန်ပြည့် ဖွင့်မထားသင့်ပါ။
(၁၁) ပြင်ပအလင်းရောင်ကို အသုံးချပါ။ မလိုအပ်သော အိမ်တွင်းလျှပ်စစ်မီးများကို လျှော့သုံးပါ။
(၁၂) လမ်းမီးများ၊ ခြံတွင်းမီးများကို နေရောင်ခြည်သုံး LED မီးစနစ်အား အတတ်နိုင်ဆုံး အသုံးပြုပါ။
(၁၃) လတ်တလော အသုံးမပြုသည့် လျှပ်စစ်ပစ္စည်းများ၏ Plug ခေါင်းများကို Socket များမှ ဖြုတ်ထားပါ။
(၁၄) လျှပ်စစ်ကို ချွေတာသုံးစွဲခြင်းဖြင့် မီတာခများများ ကျသင့်ခြင်းမှ ရှောင်ရှားပါ။
(၁၅) ရိုးရိုးမီးလုံး၊ မီးချောင်းထက် Energy Saving Lamp ကို ရွေးချယ် အသုံးပြုသင့်သည်။ Energy Saving Lamp ထက် LED မီးလုံး၊ မီးချောင်းများကို ရွေးချယ် အသုံးပြုသင့်သည်။
(၁၆) Hot Plate သုံး၍ ရေနွေးအိုး တည်ပါက၊ ရေနွေးဆူမှတ်ထက် အချိန်ကျော်လွန်မှ လူက မီးခလုပ်ကို ပိတ်နိုင်၍ လျှပ်စစ်အသုံးပိုစေပါသည်။ ရေဆူမှတ်ရောက်သည်နှင့် ခလုပ်ကို အလိုအလျောက် ပိတ်စေသော ရေနွေးတည်ခရားကို သုံးခြင်းဖြင့် လျှပ်စစ်ကို ချွေတာသင့်ပါသည်။
(၁၇) မလိုအပ်သော မီးများကို ပိတ်ထားခြင်းဖြင့် လျှပ်စစ်ကို ချွေတာပါ။
(၁၈) နားထောင်သူမရှိပဲနှင့် အခွေဖွင့်စက်သုံး၍ တီဗွီဖြင့် သီချင်းခွေများ အချိန်ပြည့် ဖွင့်ထားခြင်းကို ဆင်ခြင်ခြင်းဖြင့် လျှပ်စစ်ကိုချွေတာပါ။
(၁၉) အိမ်အတွင်းနှင့် ခြံဝင်းအတွင်း ရေပိုက်မလုံမှု၊ ရေဘုံဘိုင် ရေစိမ့်မှုတို့ကို ပြုပြင်ပါ။ ရေယိုစိမ့်မှုကြောင့် ရေတင်ချိန်ပိုများလေ မီတာခ ပိုကုန်ကျမှု ဖြစ်စေပါမည်။
(၂၀) အိမ်ပြင်ပ၌ထွန်းသော မီးများကို နေ့အလင်းရောင်ရှိချိန်တွင် ပိတ်ထားခြင်းဖြင့် လျှပ်စစ်ကို ချွေတာပါ။
(၂၁) လမ်းမီးများကို အလင်းရောင်ရှိသော အချိန်များ၌ ပိတ်ထားခြင်းဖြင့် လျှပ်စစ်ကို ချွေတာပါ။ အလင်းရောင်အားနည်းလာသည့်အချိန်တွင် လမ်းမီးများကို အလိုအလျောက် ဖွင့်စေပြီး၊ အလင်းရောင်ပေါ်ထွက်လာပါက အလိုအလျောက်ပိတ်စေသည့်စနစ်ကို တပ်ဆင်ပါ။
(၂၂) ရေပူသုံးဘွိုင်လာ၊ ရေနွေးစက်တို့ကို အသုံးပြုမည့်အချိန်မှ ဖွင့်ပါ။ သုံးပြီးက ခလုပ်ပိတ်ထားပါ။
(၂၃) လေအေးပေးစက်၏ လေစစ်ဇကာနှင့် ဓာတ်ငွေ့တို့ကို ပုံမှန်စစ်ဆေးထိန်းသိမ်းခြင်းဖြင့် အအေးဓာတ် အပြည့်ရအောင် ဆောင်ရွက်ပါ။
(၂၄) မြက်ခင်းရေဖျန်းစနစ်၊ ရေပန်းတို့ကို လိုအပ်သည်ထက် အချိန်ပိုသုံးခြင်းကို လျော့ပါ။ ရေပိုကုန်ရာမှ၊ ရေစုပ်စက်/ရေတင်စက်များကို အချိန်ကြာကြာသုံးရသည်မှ လျှပ်စစ်မီတာခကို ပိုကုန်ကျနိုင်စေပါသည်။
Credit to:
Kyaw Swar Ohnn &
မေသတင်းရပ်ကွက်လေး