28/08/2026
🇹🇭 ထိုင်းမှာ ဥပဒေချိုးဖောက်တဲ့ နိုင်ငံခြားသားတွေကို ပြည်နှင်ဒဏ်ပေးရေး စည်းမျဉ်းသစ် စတင်အသက်ဝင်
ထိုင်းနိုင်ငံမှာ ဥပဒေချိုးဖောက်တဲ့ နိုင်ငံခြားသားတွေကို နိုင်ငံအတွင်းကနေ ပြန်လည်ထွက်ခွာစေနိုင်ရေး လုပ်ငန်းစဉ်တွေ ပိုမိုမြန်ဆန်လာစေမယ့် “Prime Minister's Office Regulation on Deportation B.E. 2569 (2026)” စည်းမျဉ်းသစ်ဟာ ဩဂုတ် ၂၈ ရက်ကစပြီး စတင်အသက်ဝင်လာပြီဖြစ်ပါတယ်။
ဝန်ကြီးချုပ် အနူတင် ချန်ဗီရကူလ် လက်မှတ်ရေးထိုးခဲ့ပြီး ဩဂုတ် ၂၇ ရက်မှာ ထိုင်းတော်ဝင်ပြန်တမ်းကနေ ထုတ်ပြန်ခဲ့တဲ့ စည်းမျဉ်းအရ နိုင်ငံခြားသားတွေရဲ့ ပြည်နှင်ဒဏ်ပေးရေးဆိုင်ရာ အချက်အလက်တွေကို သက်ဆိုင်ရာဌာနတွေက ပိုမိုမြန်ဆန်စွာ ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
📌 အဓိကအားဖြင့်—
• ထောင်ဒဏ်ကျခံပြီး ပြန်လွတ်လာသူများ
• တရားမဝင် ဝင်ရောက်နေထိုင်သူများ
• တရားမဝင် စီးပွားရေးလုပ်ငန်းများနှင့် Nominee လုပ်ငန်းများတွင် ပါဝင်သူများ
• အစိုးရစာရွက်စာတမ်းအတုပြုလုပ်သူများ
• ပြစ်ဒဏ်ကြီးမားတဲ့ ပြစ်မှုများနဲ့ ဆက်စပ်သူများ
စတဲ့အမှုတွေမှာ ပြည်နှင်ဒဏ်ပေးရေးလုပ်ငန်းစဉ်ကို အရှိန်မြှင့် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
အကျဉ်းဦးစီးဌာနအနေနဲ့လည်း သက်ဆိုင်ရာအချက်အလက်တွေကို အကျဉ်းသားလွတ်မြောက်မယ့်ရက်မတိုင်မီ အနည်းဆုံး ၁၅ ရက်ကြိုတင် ပေးပို့ရမှာဖြစ်ပြီး တရားရုံးဆုံးဖြတ်ချက်တွေကိုလည်း သက်ဆိုင်ရာအဖွဲ့အစည်းများထံ အမြန်ဆုံး အသိပေးရမှာဖြစ်ပါတယ်။
⚠️ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ကာကွယ်မှုတွေလည်း စည်းမျဉ်းထဲမှာ ထည့်သွင်းထားပါတယ်။ မိမိနိုင်ငံကို ပြန်ပို့ခံရပါက ညှဉ်းပန်းနှိပ်စက်ခံရနိုင်ခြေ၊ အတင်းအကျပ်ပျောက်ဆုံးခံရနိုင်ခြေ သို့မဟုတ် ရက်စက်ကြမ်းကြုတ်စွာ ဆက်ဆံခံရနိုင်ခြေရှိသူတွေဟာ သတ်မှတ်ချက်တွေနဲ့အညီ တတိယနိုင်ငံကို လွှဲပြောင်းပို့ဆောင်ပေးရန် တောင်းဆိုနိုင်ပါတယ်။
တတိယနိုင်ငံသို့ လွှဲပြောင်းပေးရေးမှာလည်း သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆောင်ရွက်ရမှာဖြစ်ပြီး လက်ခံမယ့်နိုင်ငံဘက်က ကုန်ကျစရိတ်ကို တာဝန်ယူရမှာဖြစ်ပါတယ်။
🇹🇭 စည်းမျဉ်းသစ်ကြောင့် ထိုင်းနိုင်ငံအတွင်း နေထိုင်၊ အလုပ်လုပ်နေတဲ့ နိုင်ငံခြားသားတွေအနေနဲ့ ဥပဒေ၊ နေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့်ဆိုင်ရာ စည်းမျဉ်းတွေကို ပိုမိုဂရုစိုက်ဖို့ လိုအပ်လာပြီဖြစ်ပါတယ်။
#ထိုင်းသတင်း
#နိုင်ငံခြားသား
#ပြည်နှင်ဒဏ်