20/10/2026
NGO အလုပ်ကို အခုမှ စလျှောက်မယ့်သူတွေအတွက်
- ကွန်ပျူတာ သုံးတတ်ဖို့ (Microsoft Word, Excel, Powerpoint လောက်တော့ အနည်းဆုံးရအောင် လုပ်ထားပါ။ သင်တန်းတက်ပါ။ CV ထဲမှာလည်း ပါပါစေ။)
- အင်္ဂလိပ်စာ (အကျွမ်းကြီး ဖြစ်နေဖို့ မလိုပါဘူး။ အလုပ်ခေါ်စာလောက်တော့ ဖတ်နိုင်မှ အဆင်ပြေမှာပါ။)
- email (အကောင့်ရှိရပါမယ်။ သုံးတတ်ရပါမယ်။)
အပေါ်က သုံးခု မရသေးရင် အလုပ်ရဖို့အသာထား လျှောက်ဖို့ကိုတောင် အတော်ခက်ပါလိမ့်မယ်။
ကိုယ် ဘာဘွဲ့ရထားလဲ။
- ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဘွဲ့တွေ (ဆရာဝန်၊ သူနာပြု၊ သားဖွား၊ Community Health အစရှိသဖြင့်) ရထားတယ်ဆိုရင် ကျန်းမာရေးနဲ့ဆိုင်တဲ့ အလုပ်တွေ လျှောက်လို့ရပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဘွဲ့ရထားသူတွေကိုပဲ သီးသန့်ခေါ်တာပါ။ ခေါ်တာလည်း များပါတယ်။
- ပညာရေးနဲ့ ပတ်သက်တဲ့ ဘွဲ့တွေလည်း အဲ့ဒီလိုပါပဲ။ ပညာရေးနဲ့ သီးသန့်ဆိုင်တဲ့ အလုပ်တွေ ရှိပါတယ်။
- IT နဲ့ ပတ်သက်တဲ့ ဘွဲ့တွေအတွက် IT assistant လို အလုပ်မျိုးတွေ ရှိပါတယ်။ database အလုပ်တွေဖက်လည်း ဝင်တိုးလို့ ရပါတယ်။ M&E သင်တန်းတချို့ တက်ပြီးရင် M&E ပိုင်းလည်း ဝင်တိုးလို့ ရပါသေးတယ်။
- ဆောက်လုပ်ရေး အင်ဂျင်နီယာဘွဲ့တွေအတွက်လည်း ဆောက်လုပ်ရေးလုပ်ငန်းတွေ ရှိပါတယ်။ ခေါ်တာတော့ နည်းတတ်ပါတယ်။
- တခြားဘွဲ့ရသူတွေအတွက်ကတော့ ကိုယ့်ဘွဲ့နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့အလုပ်တွေ NGO မှာ ရှားပါလိမ့်မယ်။ ဒါမျိုးဆိုရင်တော့ တခြားကျွမ်းကျင်မှုတွေ အတွေ့အကြုံတွေက စကားပြောလာပါပြီ။
တခြား diploma တွေ certificate တွေ ရှိသလား။
- အထင်ရှားဆုံး ဥပမာကတော့ accounting ပါ။ LCCI level 3 ပြီးထားပြီဆိုရင် accountant တို့၊ finance assistant တို့လို ရာထူးမျိုးတွေ ဝင်လျှောက်ရင် အားသာပါလိမ့်မယ်။
- HR ပိုင်း၊ logistic ပိုင်း၊ admin ပိုင်း သွားမယ့်သူတွေလည်း သက်ဆိုင်ရာ certificate တွေ၊ အပြင်သင်တန်းတွေ တက်ထားရင် လျှောက်ရပိုလွယ်ပါမယ်။
ဒါမျိုးတွေလည်း မရှိထားဘူးဆိုရင် တခြားအားသာချက်ကို ရှာပါ။ INGO, NGO လုပ်ငန်းတွေ၊ တခြားလူမှုရေး လုပ်ငန်းတွေမှာ စေတနာ့ဝန်ထမ်းအနေနဲ့ လုပ်ဖူးတာတွေရှိလား၊ ဒေသခံဘာသာစကား ကျွမ်းကျင်သလား၊ အစရှိသဖြင့်။
- ကိုယ်က ဆယ်တန်းအောင်ရုံလောက်ပဲ ဆိုရင်တော့ တခြားသူတွေထက်ကို ပိုပြီး ခက်ပါလိမ့်မယ်။ လုံးဝမရနိုင်တာမျိုးတော့ မဟုတ်ပါဘူး။ တခြားအတွေ့အကြုံတွေ ကျွမ်းကျင်မှုတွေ အများကြီး လိုပါလိမ့်မယ်။
- စလျှောက်သူတွေအတွက် သင့်တော်တဲ့ ရာထူးတွေက assistant (project assistant, finance assistant, HR assistant, warehouse assistant, logistic assistant, အစရှိသဖြင့်) ရာထူးတွေ၊ community facilitator လို ရာထူးမျိုးတွေ၊ အစရှိသဖြင့်ပါ။
- အတွေ့အကြုံတောင်းတာ မကြောက်ပါနဲ့။ ၁ နှစ်လောက်ပဲ တောင်းတာမျိုးဆို လျှောက်ကြည့်ပါ။ ရှိသလောက် အတွေ့အကြုံကို ထည့်ရေးပါ။ အလုပ်အတွေ့အကြုံဆိုတာမျိုးက ဝန်ထမ်းဖြစ်မှ ရေးလို့ရတာမျိုး မဟုတ်ပါဘူး။ သင့်တော်တာလေးတွေ ထည့်ရေးပါ။
- အလုပ်သင်ဆိုတာမျိုးက NGO မှာ ရှားရှားပါးပါးပါ။ အလုပ်သင်ပေးချင်လို့ဆိုပြီး ခေါ်လေ့မရှိပါဘူး။ အလုပ်ခိုင်းဖို့ပဲ ခေါ်လေ့ရှိပါတယ်။ လိုအပ်တဲ့ အရည်အချင်း ကြိုဖြည့်ထားဖို့က ကိုယ့်တာဝန်ပါ။
- ဘာသင်တန်းတွေ တက်ထားရမလဲဆိုတာက ကိုယ် ဘာလုပ်ချင်လဲဆိုတာပေါ် မူတည်ပါတယ်။ NGO အတွက် သီးသန့်သင်တန်းရယ်လို့ မရှိပါဘူး။
- ဒီအလုပ်ကို လျှောက်လို့ရလားလို့ မမေးပါနဲ့။ လျှောက်လို့မရတဲ့ အလုပ်ဆိုတာ မရှိပါဘူး။ လျှောက်ပေမယ့် အရည်အချင်းမမီလို့ အရွေးမခံရတဲ့ အလုပ်ဆိုတာပဲ ရှိပါတယ်။
- ကုမ္ပဏီဖက်ကနေ NGO ဖက် ပြောင်းဖို့ကြိုးစားနေတဲ့သူတွေအတွက်လည်း finance, logistics, admin, HR စတာတွေ အတွေ့အကြုံရှိဖူးရင် ပိုလွယ်ပါလိမ့်မယ်။ sales တို့ marketing တို့လို အပိုင်းတွေက NGO မှာခေါ်တာ လုံးဝမရှိသလောက်ပါပဲ။ ကုမ္ပဏီဖက်မှာ ရာထူးအမြင့်နဲ့ လုပ်ဖူးသူတွေကျ တမျိုးခက်ပါတယ်။ ရာထူးနိမ့်တာတွေ လျှောက်တော့လည်း over qualified ဆိုပြီး အပယ်ခံရ၊ ရာထူးမြင့်တာတွေ လျှောက်တော့လည်း လိုအပ်တဲ့ အတွေ့အကြုံကမရှိ ဖြစ်တတ်ပါတယ်။
- စာမေးပွဲလိုမျိုး အမှတ် ၄၀ ရရင် အကုန်အောင်တာမျိုး မဟုတ်ပါဘူး။ လူအများကြီး (ကိုယ့်ထက်မြင့်သူ၊ ကိုယ်နဲ့ တူသူ၊ ကိုယ့်အောက်နိမ့်သူ) လျှောက်တဲ့အထဲက တစ်ယောက်ပဲ ရွေးမှာပါ။ သူတောင်းထားတာတွေ ကိုယ့်မှာရှိရုံနဲ့ အရွေးမခံရပါဘူး။
- ကံနဲ့လည်း ဆိုင်ပါတယ်။ ကိုယ်က ဒုတိယဦးစားပေး တတိယဦးစားပေးလောက် ဖြစ်နေပေမယ့် သူတို့ရွေးထားသူက တခြားအလုပ်ရသွားတာဖြစ်ဖြစ်၊ လစာညှိမရတာမျိုးဖြစ်ဖြစ် ရှိတတ်ပါတယ်။ စခေါ်တုန်းက ၁ နေရာတည်းခေါ်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ၃ နေရာစာလောက်ကို ဒီလူတွေထဲကပဲ ရွေးလိုက်တာတွေလည်း ရှိပါတယ်။
စေတနာဖြင့်