17/10/2020
Computer မှာမရှိမဖြစ်လိုအရေးပါတဲ့ Graphic Card လေးတွေအကြောင်း "ကကြီး" ကနေ "အ" အထိ နားလည်ချင်တယ်ဆိုရင်တော့ ၅ မိနစ်လောက်အချိန်ပေး ဖတ်ကြည့်ပါ။
● ● ● ● ● ● ● ● ● ● ● ● ● ● ● ● ● ● ● ● ●
မိမိ Computer မှာ Graphic ဘယ်လောက်ပါလည်း Graphic Series တွေဘယ်လိုရှိလည်း သိချင်သူများအတွက်
မိမိ PC မှာ Graphic ဘယ်လောက်ပါလဲသိချင်ရင်
Method 1. Windows Key + R ကိုနှိပ်ပါ cmd box ပေါ်လာပါက Dxdiag ဟုရိုက်၍ Enter နှိပ်ပါ Display ကိုဝင်ပြီးကြည့်နိုင်ပါတယ်
Method 2. Desktop မှာ Right Click နှိပ်ပါ Display settings ထဲဝင်ပါ Advanced display settings ထဲဝင်ပါ Display adapter properties ထဲထပ်ဝင် Adapter မှာ မိမိ PC ဘာ Graphic သုံးထားလည်းကြည့်နိုင်ပါတယ်
Graphic Card တွေရဲ့ Unit အသေးစိတ်ကတော့အောက်မှာဖတ်နိုင်ပါတယ်
ဂျီပီယူ နှင့် သူ၏ကိန်းဂဏန်းများ (2019 Rev.)
● ● ● ● ● ● ● ● ● ● ● ● ● ● ● ● ● ● ● ● ●
ဖြစ်ရပ် (၁)
“ဂရပ်ဖစ်က 4GB ဆိုတော့ ဂိမ်းအမြင့်တွေအကုန်ဆော့လို့ရပါတယ်အစ်ကို"
(GT 630 4GB ကတ်ကိုကိုင်၍ customer အားရှင်းပြနေသော အရောင်းဝန်ထမ်းတစ်ဦး)
— —
ဖြစ်ရပ် (၂)
"ဒီလက်ပ်တော့/ဒက်စ်တော့မှာ Total Graphics 6GB ပါပါတယ် (ဂရပ်ဖစ်ကတ် မော်ဒယ် ထည့်မပြော)၊ စွန်းတန် စွန်းလန်း ဂိမ်းတွေအကုန်ဆော့လို့ရ"
(မမှားသော်လည်း မမှန်သည့် marketing အသုံးအနှုံး)
— — —
ဖြစ်ရပ် (၃)
"အစ်ကို့ဂရပ်ဖစ်ကတ်က 6GB ဆိုတော့ Windows 7 မှာ သုံးလို့မရဘူးရှင့်၊
Windows 7 က 2GB အထိပဲ အလုပ်လုပ်ပါတယ်၊
Windows 10 မှအဆင်ပြေပါမယ်"
(customer မှာ ဂရပ်ဖစ်ကတ် factory error ဖြစ်၍ဝယ်ခဲ့သည့်ဆိုင်ပြန်ပြရာမှ ဆိုင်မှမမက ပြန်ရှင်းပြနေပုံ)
— —
ဖြစ်ရပ် (၄)
"ဂရပ်ဖစ်ကတ်တွေထဲမှာ EVGA က နာမည်ကြီး၊
Palit, Colorful, MSI, ASUS တွေက EVGA လောက်မကောင်း"
(ဘယ် brand ဘယ်လိုကောင်းကြောင်းအမွန်းတင်နေတဲ့ချိဖ)
* Case 3 နှင့်ပါတ်သတ်ပီး complain တက်လျှင် ယခုဆောင်းပါးကို အဆုံးထိမဖတ်သောသူဟု ယူဆပါမည် :3
— —
စသဖြင့် . . စသဖြင့် . .
အထက်ပါ ဖြစ်ရပ်တွေဟာ ကျနော်တို့ ကွန်ပျူတာနယ်ပယ်မှာ မြင်ရ တွေ့နေရတဲ့ "လွဲမှားနေတဲ့" အရာလေးတွေဖြစ်ပါတယ်။
အရာလေးတွေဆိုပေမဲ့ အမှန်ထင်ပြီး မှတ်ယူလိုက်တဲ့သူအဖို့ကတော့ နောက်ဆက်တွဲကိစ္စကတော့ မသေးလှပါဘူး၊၊
ခု ဒီဆောင်းပါးကိုရေးရတာက သူတို့တွေကို ဖောင်း ထုလို၍ရေးခြင်းမဟုတ်သလို လှောင်ပြောင်ချင်တဲ့စိတ်နဲ့လည်းမဟုတ်ရပါပဲ လွဲမှားနေတာလေးတွေကို သိစေ ရှောင်စေလိုတဲ့ ရည်ရွယ်ချက်သပ်သပ်ဖြစ်ပါတယ်။
ကွန်ပျူတာအစိတ်အပိုင်းတွေနဲ့ ပတ်သတ်တဲ့ အသိ (Proper Knowledge) ကိုမိန်းကလေးတစ်ယောက်ဟာပုံမှန်အားဖြင့် ယောက်ျားလေးတွေနဲ့စာရင် အားနည်းပါတယ်။
ခုလို Gaming နဲ့ဆက်စပ်တဲ့ ပစ္စည်း (Gaming Product) တွေနဲ့ပတ်သတ်ရင်သူတို့တွေအနေနဲ့ပိုဆိုးပါတယ်..
သူတို့သိတာက 2GB/4GB မော်ဒယ်နံပါတ် နဲ့ ဈေးနှုန်း အဲ့လောက်ပဲ..
ဂိမ်းကိုသဲကြီးမဲကြီးဝါသနာပါ ဆော့လှပါချည်ရဲ့ဆိုတဲ့ ယောက်ျားလေးများတောင် သူတို့ကို ဂရပ်ဖစ်ကတ်တွေ ဂျီပီယူဆိုတာတွေသွားမေးရင် တစ်ချို့ ရေရေရာရာမဖြေတတ် မသိဆိုတော့ ဒါဟာ အပြစ်ပြောလို့မရပါဘူး။
ကျနော်ဝယ်နေကျဆိုင်တစ်ဆိုင်ဆိုရင် Heat Spreader ပါတဲ့ RAM ကို ကျနော်ပြမှမြင်ဖူးတယ်..
ထားတော့..
ဒါက gaming နဲ့ပတ်သတ်တဲ့ဟာတွေဆိုတော့..
သူတို့တွေသိပီး ကိုယ်မသိတဲ့ ကွန်ပျူတာနဲ့ပတ်သတ်တဲ့ပစ္စည်းအကြောင်းတွေလည်းအများကြီး။
ဝယ်ယူမည့်သူကိုယ်တိုင်အနေနဲ့ပဲ ကိုယ်နဲ့သင့်တော်တဲ့ အသုံးချမဲ့နေရာနဲ့ကိုက်ညီတဲ့ဟာ (အထူးသဖြင့် Gaming နဲ့ပတ်သတ်တဲ့ ဂရပ်ဖစ်ကတ် လိုမျိုးအရာတွေ) ကို မဝယ်ခင်ကတည်းက သေချာလေ့လာထားတာအကောင်းဆုံးဖြစ်မှာပါ။
ဂရပ်ဖစ်ဆိုတဲ့အရာက ကွန်ပျူတာတစ်လုံးမှာ ဘာလို့အရေးပါတာလည်း ?
ဘာကောင်ကြီးမို့လို့ ဂိမ်းတွေက သူ့ကိုလိုအပ်တာလည်း ?
တကယ်တော့ ကွန်ပျူတာမှမဟုတ်ပါဘူး၊ စမတ်ဖုန်းတွေ မှာလည်း ဂရပ်ဖစ်ကအရေးပါပါတယ်။
ကွန်ပျူတာမော်နီတာ screen၊ ဖုန်း screen မှာ ကျနော်တို့မျက်စိနဲ့ မြင်နေရတဲ့ ပုံရိပ်တွေ၊ ကာလာတွေ၊ လှုပ်ရှားမှုတွေကို အဲ့ဒီ ဂရပ်ဖစ်တွေက ပုံဖော်ပြသပေးနေတာပါ။
(ခုဆောင်းပါးမှာ မင်းသားက ဂရပ်ဖစ်ဆိုတော့ စီပီယူတွေ ရမ်တွေအကြောင်း ခနမေ့ထားရအောင်)
screen ရဲ့ resolution များလေလေ pixel တွေကို ဂရပ်ဖစ်ကတ် (GPU) က သူ့စွမ်းအားအကုန်သုံးပီး ပြရလေပါပဲ၊
ဂိမ်းတွေဆော့တဲ့အချိန်မှာ ဂိမ်းက သူလိုအပ်တဲ့ လိုချင်တဲ့ ပုံရိပ်ပမာကို ဂရပ်ဖစ်ကတ်ထံကနေတောင်းပါတယ်၊
အဲဒီမှာ ဂရပ်ဖစ်ကတ်က ဂိမ်းတောင်းသလောက် လုံလုံလောက်လောက် လျှင်လျှင်မြန်မြန်နဲ့ထုတ်ပေးနိုင်ခဲ့မယ်ဆိုရင်ပြသနာမရှိ . .
လိုသလောက် ထုတ်မပေးနိုင်ခဲ့ရင်တော့ ဂိမ်းဆော့တဲ့သူအတွက်ပြသနာရှိလာပီ . .
ရလဒ်က ဂိမ်းတွေ smooth မဖြစ်တော့ပဲ လေးတိလေးကန်ဖြစ်ကုန်တာပါပဲ။
ဂိမ်းတွေက တစ်ဂိမ်းနဲ့တစ်ဂိမ်းတောင်းဆိုတဲ့ပမာဏကတော့မတူညီပါဘူး။
သင့်ကွန်ပျူတာမှာ Dota 2 ကို မထစ်ပဲ ဆော့ရလို့ Assassin's Creed Odyssey ကိုလည်း မထစ်ပဲနဲ့ဆော့ရမယ်လို့ အာမခံ လို့မရပါ။
Dota 2 ကဂရပ်ဖစ်ကတ်စီကနေ အလုပ်လုပ်နိုင်စွမ်း 1 လောက်ပဲလိုအပ်တဲ့အချိန်မှာ Assassin's Creed ကတော့ 6 လောက်အထိ လိုအပ်ပါတယ်။
အဲဒီမှာ ကိုယ်သုံးထားတဲ့ ကတ်က 3 လောက်ပဲအများဆုံးထုတ်ပေးနိုင်တဲ့ကတ်ဖြစ်ခဲ့မယ်ဆိုရင် Dota ကိုမထစ်ပေမဲ့ Assassin's Creed ကတော့ သေချာပေါက်ထစ်ပီပဲ။
ဒါကြောင့်မို့လည်း ဈေးကွက်ထဲမှာ ၈သောင်းဝန်းကျင်ကနေ ၁၅သိန်း သိန်း၂၀ အထိ ဂရပ်ဖစ်ကတ်တွေ ရှိနေကြတာပဲဖြစ်ပါတယ်။
သင်္ခင်္ျာနိယာမအရ ကိန်းဂဏန်းတစ်ခုဟာယေဘုယအားဖြင့် ကြီးလေလေ များလေ တန်ဖိုးရှိလေပဲမဟုတ်လား..
ဂရပ်ဖစ်ကတ်တွေမှာလည်းအလားတူပဲ၊
အဓိကထုတ်လုပ်သူကြီးနှစ်ဦးဖြစ်တဲ့ NVIDIA နဲ့ AMD တို့က သူတို့ရဲ့ ဂျီပီယူတွေကိုတစ်ခုနဲ့တစ်ခု မရောထွေးစေပဲ အဆင့်တစ်ခုသတ်မှတ်ဖို့ရာအတွက် ကိန်းဂဏန်းတွေ ဗျည်းအက္ခရာတွေနဲ့ အမှတ်အသားပြုပေးကြတယ်။
(ခုဆောင်းပါးရဲ့ဦးတည်ရာက PC ကွန်ပျူတာတွေမို့ စမတ်ဖုန်းတွေမှာပါတဲ့ ဂျီပီယူ brand တွေကို ထည့်ရေးမထားခြင်းဖြစ်ပါတယ်)
သူတို့တွေရဲ့ ကိန်းဂဏန်းတွေကို နားလည်ဖို့ရာအတွက်က အခက်အခဲကြီးမဟုတ်ပေမဲ့ သာမာန် အသုံးပြုသူ (end-user) အတွက်တော့ ဘာတွေက ဘယ်လိုရှိတယ်ဆိုတာကို နားလည်မည်မဟုတ်ပါ။
ဂျီပီယူ/ဂရပ်ဖစ်ကတ် (GPU/Graphics card) တွေမှာ သူတို့ရဲ့ကိန်းဂဏန်း (number) တွေက များလေလေ စွမ်းဆောင်ရည် (performance) ကောင်းလေလေပါပဲ။
မျိုးဆက်တူတဲ့ (same generation) ဂရပ်ဖစ်ကတ်တွေမှာ ဒါဟာ နားလည်ရလွယ်ကူပါတယ်..
ဥပမာ (၁)
NVIDIA ကထုတ်တဲ့ GTX 780 နဲ့ GTX 770 ကိုယှဉ်မယ်။
အဲ့ကတ်နှစ်ခုလုံးက မျိုးဆက်လည်းအတူတူပဲ (700 series, Kepler Architecture)
ဒီတော့ ဂဏန်းများတဲ့ GTX 780 က ပိုမြန်မယ်။
ဥပမာ (၂)
AMD ကထုတ်တဲ့ R9 290 နဲ့ R9 280 ကိုယှဉ်မယ်ဆိုရင် ?
R9 290 က ပိုမြန်မှာပါ
(ထုံးစံအတိုင်း ဈေးလည်းပိုများမှာက မေးစရာလိုမယ်တောင်မထင်ပါဘူး)
ဒါပေမဲ့ GTX 680 နဲ့ GTX 770 ဆိုရင်ကော..
AMD မှာဆိုရင် HD 6950 နဲ့ HD 7790 ??
မျိုးဆက်မတူတဲ့ ဂျီပီယူတွေကိုနှိုင်းယှဉ်တဲ့အခါမှာတော့ ထင်သလောက်မရိုးရှင်းတော့ပါဘူး…
Nvidia အကြောင်းကို အရင်ပြောပါ့မယ်။
GT 610, GT 620, GT 630, GT 640, GTX 650, GTX 650 Ti, GTX 650 Ti Boost, GTX 660, GTX 660 Ti, GTX 670, GTX 680, GTX 690.
ဒါက NVIDIA ရဲ့ 600 series ထဲက ဂျီပီယူတွေ။
‘6’ နဲ့စတယ်။
GT 520, GTX 550 Ti, GTX 580 ,.. etc
‘5’ နဲ့စတဲ့ 500 series
ဒါဆိုရင် စီးရီး ကြည့်တတ်ပီထင်ပါတယ်။
စီးရီး (series) အရဟုတ်ပါပီ..
GT, GTX ဆိုတာတွေက ဘာလို့ထပ်ခွဲထားရတာလည်း ?
ဘာကို ကိုယ်စားပြုတာလည်း ?
ရုံးသုံး အိမ်သုံး မီဒီယာအတွက်၊ အပျော်တမ်း ဓာတ်ပုံတွေတည်းဖြတ်ဖို့ရာ အတွက် စတဲ့ ဂရပ်ဖစ်ပိုင်းမှာ သိပ်အများကြီးမလိုတဲ့နေရာတွေမှာအသုံးပြုဖို့ရာရည်ရွယ်ပြီး ‘GT’ ကတ်တွေကိုထုတ်လုပ်ထားတာပါဖြစ်ပါတယ်။
ဂိမ်းပေါ့ပေါ့ပါးပါးတွေအတွက်လည်း သူတို့ကအဆင်ပြေပါတယ်။
‘GTX’ နဲ့စတဲ့ ကတ်တွေကတော့ ဂိမ်းဦးစားပေး (High Performance Gaming) တွေအတွက်ရည်ရွယ်ပါတယ်။
PS4, Xbox One ဂိမ်းစက်တွေရဲ့ ရုပ်ထွက်ထက် ပိုလှ ပိုကြွရွတဲ့ အမြင်တွေနဲ့ နှေးကွေးခြင်းမရှိ ခံစားလိုတယ်ဆိုရင်တော့ 'GTX' 'RTX' ကတ်အမြင့်တွေကိုရွေးချယ်ရမှာဖြစ်ပါတယ်။
('‘GTS'’ ဆိုပြီး '‘GT'’ နဲ့ '‘GTX'’ ကြားထဲမှာရှိပါသေးတယ်။ ဒါပေမဲ့ NVIDIA က သူ့ကိုနောက်ပိုင်း series တွေမှာဖြုတ်လိုက်ပါတယ်)
GT = target for lightweight graphics application
GTS = target for non-serious gaming
GTX = high performance gaming
RTX = high performance gaming with raytracing effect
Lists of (currently well-known) NVIDIA GPU Generations (NVIDIA ရဲ့ လက်ရှိ လူသိများသော ဂျီပီယူများစာရင်း)
400 series (Fermi Architecture, April 2010)
GT 420, GT 430, GT 440, GTS 450, GTX 460, GTX 470, GTX 480
—
500 series (Fermi Architecture, Nov 2010)
GT 520, GT 530, GT 545, GTX 550 Ti, GTX 555, GTX 560, GTX 560 Ti, GTX 570, GTX 580, GTX 590 (Dual GPU)
—
600 series (*Fermi, and Kepler Architecture, March 2012)
*GT 610, *GT 620, *GT 630, GT 635, GT 640, GT 645, GTX 650, GTX 650 Ti, GTX 650 Ti Boost, GTX 660, GTX 660 Ti, GTX 670, GTX 680, GTX 690 (Dual GPU)
—
700series (*Maxwell, and Kepler Architecture, Feb 2014)
GT 710, GT 720, GT 730, GT 740, *GTX 745, *GTX 750, *GTX 750 Ti, GTX 760, GTX 770, GTX 780, GTX 780 Ti, GTX TITAN, GTX TITAN Black, GTX TITAN Z (Dual GPU)
—
900 series (Maxwell Architecture, 2015)
GTX 950, GTX 960, GTX 970, GTX 980, GTX 980 Ti, GTX TITAN X
—
10 series (Pascal Architecture, 2016)
GT1030, GTX 1050, GTX 1050 Ti, GTX 1060, GTX 1070, GTX 1080, GTX 1080 Ti, NVIDIA TITAN X, NVIDIA TITAN Xp
—
20 series (Turing Architecture, 2018)
RTX 2060, RTX 2060 Super, RTX 2070, RTX 2070 Super, RTX 2080, RTX 2080 Super, RTX 2080 Ti, NVIDIA TITAN RTX
—
16 series (Turing Architecture, 2019)
GTX 1660 Ti, GTX 1660 Super, GTX 1660, GTX 1650 Super, GTX 1650
— — —
အသစ်ဖြစ်တဲ့ မျိုးဆက်ဟာ အဟောင်းထက်ပိုမြန်သလို ပါဝါစားသုံးမှုအပိုင်းလည်းသက်သာပါတယ်။
Cross-generation တွေကိုနှိုင်းယှဉ်တဲ့အခါမှာ
ဥပမာ GTX 770 ဟာ GTX 670 / 680 ထပ်ပိုမြန်ပါတယ်၊
အပြန်အလှန်အားဖြင့် GTX 970 ဟာ သူ့ရှေ့ကနောင်တော်တွေဖြစ်တဲ့ GTX 770 / 780 ထပ်မြန်ပါတယ်။
ဂရပ်ဖစ်ကတ်တွေဟာ စောင့်နိုင်လေ စွမ်းဆောင်ရည်ပိုကောင်းလာလေ ဈေးလည်း အရင်စီးရီးတွေထက်သက်သာလာလေပါပဲ..
2015 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဒေါ်လာတစ်ထောင်တန် GTX TITAN X ရဲ့ စွမ်းဆောင်ရည်ကို နောက်တစ်နှစ်ခွဲခန့်အကြာမှာတော့ $450 ပဲရှိတဲ့ GTX 1070 က ရိုက်ချိုးပစ်လိုက်တာပါပဲ။
လက်ရှိအမြန်ဆုံးကတ်ကတော့ RTX 2080 Ti ($999) နဲ့ ဈေးအကြီးဆုံး pro-sumer card ကတော့ NVIDIA TITAN RTX ($2499) ဖြစ်ကြပါတယ်။
ဒီနေရာမှာ သူတို့ရဲ့ဈေးနှုန်းတွေဟာ MSRP ဖြစ်လို့ ပုံသေသတ်မှတ်ထားလို့မရပါဘူး..
GTX 1070 က $450 ပဲရှိတယ်ဆိုပေမယ့် ပြည်တွင်းမှာဆိုရင် ယေဘူယျအားဖြင့် အနည်းဆုံး $500 လောက်ကနေ $590 အထိ (card vendor အပေါ်မူတည်ပီး) ရှိတတ်ပါတယ်။
(2016-2018 အတွင်း ပြည်တွင်းရောင်းဈေးတွေပါ)
ဂရပ်ဖစ်ကတ်တွေကိုဝယ်ယူတော့မယ်ဆိုရင် အသစ်ဖြစ်တဲ့ မျိုးဆက်ကိုဝယ်ဖို့တိုက်တွန်းပါတယ်၊
အရင်မျိုးဆက်နဲ့ ဈေးနှုန်းခြင်းတူရင် စွမ်းဆောင်ရည်မှာ အသစ်ကပိုပါတယ်၊
ပြီးတော့ ဂရပ်ဖစ်ချပ်စ်ထုတ်လုပ်သူတွေဟာ မျိုးဆက်ဟောင်းတွေကို Driver Optimization ထောက်ပံ့ပေးမှုအပိုင်းမှာ အသစ်တွေလောက်ဦးစားမပေးတော့ပါဘူး။
Gaming အတွက်ရည်ရွယ်ထားတယ်ဆိုရင် Generation နှစ်ဆက်လောက်ခြားနေတဲ့ Graphics card (second ဈေးအတော်ကြီးကိုသက်သာနေရင်တော့မပြောလိုပါ) ကိုမသုံးသင့်တော့ပါ။
သတိပြုရမှာက memory (GB) များတိုင်း ပိုမြန်တယ်ဆိုတာမမှားပေမဲ့ အဲဒီအချက်တစ်ချက်တည်းအပေါ်မူတည်ပီးလုံးဝမြန်တယ်လို့တထစ်ချပြောလို့မရပါဘူး။
ဆောင်းပါး အစမှာပြောခဲ့တဲ့ ဖြစ်ရပ် (၁) ကို ပြန်ကောက်ရအောင် .
GT 630 4GB နဲ့ GTX 750 2GB ယှဉ်မယ်ဆိုရင် ?
4GB ပင်ဖြစ်သော်ငြား GT 630 ရဲ့စွမ်းဆောင်ရည်က GTX 750 2GB ရဲ့ တစ်ဝက်ပင်မရှိပါ။
GTX 750 2GB ဂရပ်ဖစ်ကတ်က GT 630 4GB သုံးကတ်စာ စွမ်းဆောင်နိုင်ပါတယ်။
တစ်ဆက်တည်း ဖြစ်ရပ် (၂) ကိုပြောပါဦးမယ်၊
အများအားဖြင့် facebook မှာတွေ့နေရတာပါ၊
laptop/desktop အရောင်း ပို့စ် လေးတွေမှာပေါ့၊
ဘာလည်းဆိုတော့ ရောင်းတဲ့ laptop ရဲ့ ဂရပ်ဖစ်မန်မိုရီ (VRAM) ကို separate ကတ် နဲ့ onboard ကို ပေါင်းပီး ရောချလိုက်တာပါ၊
Nvidia GeForce GT 820M 2GB ပါတဲ့ laptop ဆိုရင် onboard ကပါတဲ့ Intel ဂရပ်ဖစ်မန်မိုရီပါ ထပ်ပေါင်းပီး total 4GB/6GB စသဖြင့် ပြောပီး ရောင်းတာမျိုး။
အမှန်တယ်က Nvidia က ပါတဲ့ မန်မိုရီနဲ့ onboard မန်မိုရီက gaming မှာ အတူတူပေါင်းပီးအလုပ်မလုပ်ပါဘူး။
onboard ဘယ်လောက် GB ပါပါ NVIDIA ကပါတဲ့ GB ကပဲ အလုပ်လုပ်ပါတယ်။
ဆိုတော့ total 4GB/6GB စသဖြင့် ပါတယ်လို့ပြောပီးရောင်းတာက မမှားပေမဲ့ လက်တွေ့မှာတော့ နားမလည်တဲ့သူတွေအတွက် မလိမ့်တပတ်နဲ့ ဂျင်းစားနေရသလိုပါပဲ။
အတိုချုပ်ရရင်
“NVIDIA GeForce GTX 1080 Ti”
NVIDIA = Brand
GeForce GTX = Model
1080 Ti = 10 series with 80 class
—
My Recommendation (ဂျီပီယူရွေးချယ်မယ်ဆိုရင်)
For Office/Home/Entertainment PC (ရုံးသုံး)
GT 630 / 730 / 1030
-
For Gaming 1080p 60Hz (Full HD gaming အတွက်)
အနည်းဆုံး = GTX 760 / 670 / 950 / 1050
ကောင်းမွန် = GTX 680 / 770 / 780 / 960 / 1050 Ti / 1650
အသင့်တော်ဆုံး = GTX 780 Ti / TITAN (Kepler) / 970 / 980 / 1060 / 1650 Super / 1660
-
For Gaming 1440p (1440p gaming အတွက်)
အနည်းဆုံး = GTX 780 Ti / TITAN (Kepler) / 970 / 980 / 1060 / 1650 Super / 1660
ကောင်းမွန် = GTX 980 Ti / TITAN X (Maxwell) / 1070 / 1070 Ti / 1660 Ti
အသင့်တော်ဆုံး = GTX 1080 / RTX 2060 Super
-
For Gaming 4K / UHD (4K gaming အတွက်)
အနည်းဆုံး = GTX 1080 / RTX 2060 / RTX 2060 Super
ကောင်းမွန် = GTX 1080 Ti / RTX 2070 Super / RTX 2080
အသင့်တော်ဆုံး = RTX 2080 Ti
(4K gaming အတွက်က တကယ်ဆိုရင် 4K monitor ကိုဈေးကြီးပေးဝယ်ထားပီဆိုမှတော့ ဂရပ်ဖစ်ကတ်ကိုလည်း latest ဖြစ်ပီး ဈေးအကြီးဆုံးဆိုတာကိုပဲသုံးသင့်ပါတယ်၊ GTX 1080, RTX 2060 ဆိုတာက reference ရည်ညွန်းဖို့ရာအတွက်ရေးပေးထားတာပါ၊
4K gaming အတွက် အဲ့နှစ်ကတ်ကိုတော့ အားမပေးပါ)
— — —
Team Green Nvidia အကြောင်းပြောပီးပီဆိုတော့ ဒီတစ်ခါ Team Red ဖြစ်တဲ့ AMD အလှည့် . .
AMD ရဲ့ယခင့်ယခင် မျိုးဆက်ဟောင်းတွေမှာ နာမည်ပေးပုံက NVIDIA နဲ့အသွင်တူပါတယ်။
HD ###X ပုံစံဖြစ်ကာ ပထမဆုံး X က မျိုးဆက် (GPU Generation) ကို ကိုယ်စားပြုပြီး နောက် X သုံးလုံးက စွမ်းဆောင်ရည် (Performance) ကိုသတ်မှတ်ပေးပါတယ်။
5000 စီးရီးတွေကို HD 5770, HD 5850, HD 5870
6000 စီးရီးမှာဆိုရင် HD 6850, HD 6870, HD 6950, HD 6970
ဆိုတော့ AMD ရဲ့ မျိုးဆက်ဟောင်း တွေဖြစ်တဲ့ HD ###X ကတ် တွေဟာ တူညီတဲ့ စီးရီးတစ်ခုအောက်မှာဆိုရင် နောက်သုံးလုံး တန်ဖိုးများတဲ့သူက စွမ်းဆောင်ရည်သာမယ် မိုမြန်တယ်ပေါ့ဗျာ။
HD 5870 > HD 5850
HD 6950 > HD 6870
အဲ .. HD generation ရဲ့နောက် မျိုးဆက်သစ်တွေ.. လက်ရှိ ဈေးကွက်အတွင်းမှာ ရှိနေကြတဲ့ ကတ်တွေမှာတော့ အမည်ပေးစနစ်ကအရင်နဲ့လုံးဝကွာခြားသွားတယ်။
ဖော်မြူလာအရဆိုရင် = RN NNN(X)
ဥပမာ R9 390X, R9 390, R9 290X, R9 285, R7 260X
N = level (များလေ မြန်လေ)
X = X version ဟာ (X မပါတဲ့ ဗားရှင်း) ထက် ပိုများတဲ့ clock speeds, ပိုကောင်းတဲ့ စွမ်းဆောင်ရည်ရှိပါတယ်
NVIDIA မှာ GT, GTS, GTX, RTX ခွဲထားသလိုပါပဲ၊
AMD ဟာလည်း R9, R7, R5 နဲ့ RX ဆိုပီး ခွဲထားပါတယ်။
R5 = အနိမ့်ဆုံး level, ရုံးသုံးအတွက် သင့်တော်
R7 = Full HD gaming အတွက် အနည်းဆုံးရှိသင့်
R9 = Full HD gaming အတွက် သင့်တော်
RX = RX က လက်ရှိမှာအသစ်ဆုံးသော မျိုးဆက်..
ယခင် R9/7/5 တွေထပ် ပါဝါစားသုံးမှုအပိုင်းမှာ အများကြီးလျော့နည်းပြီး စွမ်းဆောင်ရည်လည်း ပိုကောင်းပါတယ်။
Lists of (currently well-known) GPU Generations (AMD ရဲ့ လက်ရှိလူသိများသော ဂျီပီယူများ စာရင်း)
HD 5000 series (Evergreen, 2009)
[HD 5450, HD 5550, HD 5570] *
[HD 5670, HD 5750, HD 5770] **
[HD 5830, HD 5850, HD 5870] ***
HD 5970 (Dual GPU)
* = entry-level
** = mid-range
*** = high-end
—
HD 6000 series (Northern Islands, 2010)
[HD 6450, HD 6570, HD 6670] *
[HD 6750, HD 6770, HD 6790] **
[HD 6850, HD 6870, HD 6950, HD 6970] ***
HD 6990 (Dual GPU)
—
HD 7000series (Southern Islands, 2011)
[HD 7350, HD 7450, HD 7470, HD 7570] *
[HD 7670, HD 7750, HD 7770, HD 7790] **
[HD 7850, HD 7870, HD 7950, HD 7970] ***
HD 7990 (Dual GPU)
—
RN 200 series (Sea Islands, 2013)
R5 210, R5 220, R5 230, R5 235, R5 235X
R7 240, R7 250, R7 250X, R5 260, R7 260X, R7 265
R9 270, R9 270X, R9 280, R9 280X, R9 285, R9 290, R9 290X, R9 295X2 (Dual GPU)
—
RN 300 series (Caribbean Islands, 2015)
R5 330, R5 340
R7 340, R7 350, R7 360, R7 370
R9 380, R9 380X, R9 390, R9 390X, R9 Nano, R9 Fury, R9 Fury X, Pro Duo (Dual GPU)
—
RN 400series (Polaris, 2016)
RX 460, RX 470, RX 480
RX 560, RX 570, RX 580, RX 590
—
RX VEGA series (Vega, 2017)
RX Vega 56, RX Vega 64
—
VEGA Refresh (2019)
Radeon VII
—
RX 5000 Series (2019)
RX 5700 XT, RX 5700, RX 5500 XT, RX 5500
— — —
AMD နဲ့ NVIDIA ဘယ်သူကပိုကောင်းလည်းဆိုတဲ့မေးခွန်းမျိုးအတွက်တော့ ပန်းသီးစားရတာပိုအရသာတွေ့တဲ့သူက လိမ္မော်သီးရဲ့အရသာကိုသိပ်သဘောတွေ့မှာမဟုတ်သလို လိမ္မော်သီးကြိုက်တဲ့သူကလည်း ပန်းသီးကိုပေါ့တယ်ပြော
မှာပါပဲ :3
စစ်တမ်းတွေအရ AMD ရဲ့ မျိုးဆက်ဟောင်း ဂျီပီယူတွေအပေါ် driver ထောက်ပံ့မှုအပိုင်းမှာ NVIDIA ထပ်ပိုကောင်းတယ်လို့ပြောကြပါတယ်။
ဆိုရရင် AMD HD 7000 series တွေဟာ NVIDIA GTX 600 series နဲ့ယှဉ်ရင် Driver Enhance အပိုင်းမှာပိုတယ်လို့ပြောချင်တာပါ၊
DirectX 12 မှာ AMD ရဲ့ကတ်တွေဟာ ပြိုင်ဖက် NVIDIA ထပ်လက်ရှိအနေအထားမှာ အသာစီးရနေပါတယ်။
ပီးတော့ AMD GPU တွေဟာ NVIDIA နဲ့ စွမ်းဆောင်ရည်ခြင်းတူရင် ဈေးနှုန်းပိုင်းမှာ အတန်ငယ် သက်သာပါတယ်..
သို့သော်ငြားလည်း ပါဝါစားသုံးမှုအပိုင်းမှာတော့ နောက်ကျကျန်ရစ်နေပါတယ်..
ဒီနေရာမှာတော့ NVIDIA က Winner ပေါ့။
အတိုချုပ်ရရင်
“AMD Radeon HD 7850”
AMD = Brand
Radeon HD 7850 = 7000 series with 850 level (higher = better)
“AMD Radeon R9 390”
AMD = Brand
Radeon R9 390 = RN 300 series with 90 level (higher = better)
—
My recommendation (ဂျီပီယူရွေးချယ်မယ်ဆိုရင်)
For Office/Home/Entertainment PC (ရုံးသုံး)
R5 ကတ်များ (သို့) * တစ်ခုပြထားသော ကတ်များ
-
For Gaming 1080p 60Hz (Full HD gaming အတွက်)
အနည်းဆုံး = HD 7870, R7 265, RX 460
ကောင်းမွန် = HD 7970, R9 280X, RX 470
အသင့်တော်ဆုံး = R9 290X, RX 480, RX 580, RX 590, RX 5500
-
For Gaming 1440p (1440p gaming အတွက်)
အနည်းဆုံး = R9 290X, RX 480, RX 580, RX 590, RX 5500
ကောင်းမွန် = R9 Fury X, RX Vega 56
အသင့်တော်ဆုံး = RX Vega 64
-
For Gaming 4K / UHD (4K gaming အတွက်)
အနည်းဆုံး = RX Vega 64
ကောင်းမွန် = RX 5700, RX 5700 XT, Radeon VII
AMD ထဲမှာတော့ 4K gaming အတွက်ဆိုရင် ရွေးချယ်စရာ များများစားစားမရှိသေးပါ၊
RX Vega 64 ကို အနိမ့်ဆုံးစစဉ်းစားရမှာဖြစ်ပီး အသင့်တော်ဆုံးကတော့ လက်ရှိ နောက်ဆုံးထွက် Radeon VII ပဲဖြစ်ပါတယ်။
Radeon VII ရဲ့ စွမ်းဆောင်ရည်က NVIDIA ထဲက RTX 2080 နဲ့ ညီမျှတယ်လို့ မှတ်ယူလို့ရပါတယ်၊
(RTX 2080 ထက် မဆိုသလောက်တော့ နှေးပါတယ်)
— — —
#ဖြည့်စွက်ချက်
PC ဂရပ်ဖစ်ထုတ်လုပ်တဲ့သူက Nvidia နဲ့ AMD ဆိုပီး ကုမ္ပဏီ နှစ်ခုပဲရှိတယ်ဆိုပီး ဘာလို့ဈေးကွက်ထဲမှာ MSI, ASUS, XFX, Zotac, Gigabyte, Sapphire, EVGA . . .စတဲ့ brand တွေအများကြီးဖြစ်နေရတာလည်းလို့ ဇဝေဇဝါဖြစ်ေ
နမှာပါ။
ဒါက ဒီလိုပါ
ပင်မထုတ်လုပ်သူ Nvidia တို့ AMD တို့ထဲကနေ graphics chip တွေကို ASUS, MSI စတဲ့သူတွေက ပြန်ယူပီး သူတို့ ဒီဇိုင်းနဲ့သူတို့ ပြန်ဖြန့်ကြလို့ဖြစ်ပါတယ်။
ဥပမာပြောရရင်
Nvidia ရဲ့ GT 730 chip ကို ကျန်တဲ့သူတွေက သူတို့နည်းပညာ ဒီဇိုင်း အအေးပေးစနစ်တွေနဲ့ပြန်ထုတ်ကျတော့ ဈေးကွက်ထဲမှာ
ASUS GT 730
MSI GT 730
EVGA GT 730 စသဖြင့်အမျိုးမျိုးတွေ့နေရခြင်းဖြစ်ပါတယ်။
အပေါ်က ဖြစ်ရပ် (၃) ကို ပြန်ကောက်ပါအုံးမယ် . .
Windows 7 မှာ ဂရပ်ဖစ်မန်မိုရီ ကန့်သတ်ထားခြင်း မရှိပါ။
Window 7 တင်မှ မဟုတ်ပါဘူး Windows 8/10 အားလုံးမှာ ဂရပ်ဖစ်မန်မိုရီ (VRAM) ကန့်သတ်ထားခြင်း လုံးဝ (လုံးဝ) မရှိပါဘူး။
VRAM 11GB ပါတဲ့ GTX 1080 Ti ကတ်ကို Windows 7 တင်ထားတဲ့ desktop PC မှာ သုံးလို့ရပါတယ်။
11GB အကုန်လုံး အလုပ်လုပ်ပါတယ်၊၊
2GB ပဲလုပ်တယ်၊ ကျန်တဲ့ 9GB က အလုပ်မလုပ်ဘူး ဆိုတာ မှားယွင်းတဲ့အယူအဆပါ။
(VRAM limit မရှိဘူးဆိုပေမဲ့ Gaming အတွက်ရည်ရွယ်ထားတယ်ဆိုရင် Windows 10 ကိုသာသုံးစေလိုပါတယ်)
နောက်တစ်ချက်ပြောလိုတာက brand တစ်ခုက အခြား brand တစ်ခုထက် ပိုကောင်းတယ်ဆိုတဲ့ အစွဲပါပဲ။
မြင်သာအောင်ပြောရရင် အခု PC ဂိမ်မာအများစုက Palit ဆိုရင် သိပ်မကြိုက်ကြဘူး၊
MSI, ASUS, EVGA စသဖြင့် brand တွေကိုပိုသဘောကျတယ်။
PC ဂရပ်ဖစ်ကတ်တွေနဲ့ပါတ်သတ်ပီး အတော်အသင့်နားလည်တဲ့သူတွေက Palit ကို ဘာလို့သဘောမကျလည်းဆိုရင် သူက ပုံတုန်းတုန်း ကတ်က မလှ လို့ သဘောမကျကြတာပါ။
အရည်အသွေးညံ့ quality မကောင်းလို့ မဟုတ်ပါဘူး။
ဒါကို အပြင်ကလူတွေအမြင်မှာ Palit က quality မကောင်းလို့ မကြိုက်ကြတာပဲလို့ ထင်ပီး ASUS မှ ASUS, MSI မှ MSI ဆိုတဲ့ အစွဲလေးတွေဖြစ်ကုန်တာပါ။
factory defect ပါတဲ့ ကတ်ကတော့ Palit မှာလည်း ရှိသလို EVGA မှာလည်းရှိတာပဲ၊ ကျန်တဲ့ ASUS, MSI, PNY စတဲ့ brand တွေမှာလည်း ရှိတာပဲ၊
ဝယ်မည့်သူတွေကြည့်ရမှာက warranty အခြေအနေ၊ ကတ်ရဲ့ ပုံစံ (ကိုယ့် taste အပေါ်မူတည်) စတဲ့အချက်တွေအပေါ်မှာပဲ အဓိက ကြည့်ရမှာဖြစ်ပါတယ်။
(Disclaimer: Palit က စပွန်စာပေးထား၍ ဖော်လံဖားရေးထားခြင်းမဟုတ်ပါ၊
အမှန်အတိုင်းပြောရရင် ကျနော်လည်း Palit ကို မကြိုက်ဘူး ခုလက်ရှိအချိန်အထိ သူ့ ကတ် ပုံစံတွေက ကိုယ်သဘောကျတဲ့ ပုံမျိုးတွေမဟုတ်လို့)
အခုလောက်ဆိုရင် ဂရပ်ဖစ်ကတ်တွေနဲ့ပါတ်သတ်လို့ အတော်အသင့် နားလည်၊ ခွဲခြားတတ်ပီလို့ထင်ပါတယ်။
အဲ့လိုသိခဲ့ရင်တော့ ကျနော်လည်း ရေးရကျိုးနပ်တာပေါ့ဗျာ။
image:
ဒီဆောင်းပါးမှာ ဂရပ်ဖစ်ကတ်နဲ့ ပတ်သတ်ပြီး အပြည့်စုံဆုံးဖြစ်အောင်ရည်ရွယ်ထားတာကြောင့် ကျနော်ကိုယ်တိုင်စမ်းသပ်ခဲ့တဲ့ Review တွေ၊ Test တွေ Benchmark တွေနဲ့ အခြားဆောင်းပါးတွေရဲ့ link တွေကိုပါ ထည့်ပေးလိုက်ပါတယ်။
1. Graphics Driver ကို update လုပ်ပီး သုံးသင့်/မသုံးသင့်
=> https://m.facebook.com/story.php?story_fbid=2722794014452411&id=1778563648875457
2. API Performance Test (RX 580 vs. GTX 1660)
=> https://m.facebook.com/story.php?story_fbid=2848095878588890&id=1778563648875457
3. PC game graphics settings များအားချိန်ညှိခြင်း
=> https://m.facebook.com/story.php?story_fbid=2343237615741388&id=1778563648875457
4. Ray Tracing ဆိုသည်မှာ
=> https://m.facebook.com/story.php?story_fbid=1846634618759703&id=100002395497074
5. Frame Rate/Refresh Rate ဆိုသည်မှာ
=> https://www.facebook.com/SJHoutletMM/photos/a.1782979738433848/1804945762903912
Credit SJH