08/08/2026
Hard Disk (HDD) တွေဆိုတာ ကျွန်တော်တို့ရဲ့ တန်ဖိုးရှိလှတဲ့ Game၊ Data တွေ၊ အရေးကြီးတဲ့ လုပ်ငန်းခွင် Data တွေနဲ့ ချိုမြိန်တဲ့ အမှတ်တရပေါင်းများစွာ စတာတွေကို ရေရှည်သိမ်းဆည်းပေးထားတဲ့ Safe Zone လေးတစ်ခုပါပဲ။ Internal Hard Disk ပဲဖြစ်ဖြစ်၊ အလွယ်တကူသယ်ယူလို့ရတဲ့ External Hard Disk ပဲဖြစ်ဖြစ် Maintenance သေချာမလုပ်ပေးရင်၊ ဂရုမစိုက်ရင် သက်တမ်းမပြည့်ခင် ပျက်စီးသွားတတ်ပါတယ်။ ဒါကြောင့် သင့်ရဲ့ Hard Disk တွေကို သက်တမ်းကြာရှည်အောင် ဘယ်လိုစနစ်တကျ အသုံးပြုရမလဲဆိုတဲ့ အသုံးဝင်မယ့် Tips လေးတွေကို မျှဝေပေးလိုက်ပါတယ်။
နံပါတ် (၁)။ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုမရှိအောင် စနစ်တကျ ကိုင်တွယ်ပါ !
Hard Disk တွေရဲ့ အတွင်းထဲမှာ Data တွေကို အရှိန်နဲ့ လှည့်ပတ်ဖတ်ရှုပေးရတဲ့ Mechanical အစိတ်အပိုင်းလေးတွေ ပါဝင်တာကြောင့် ရိုက်ခတ်မှုနဲ့ တုန်ခါမှုတွေကို အရမ်းကြောက်ပါတယ်။ အထူးသဖြင့် External Hard Disk တွေကို အသုံးပြုနေစဉ် သို့မဟုတ် Data Read/Write လုပ်နေစဉ်အတွင်း ငြိမ်ငြိမ်သက်သက် ထားပေးဖို့ လိုအပ်ပြီး စက်လည်ပတ်နေတုန်း ရွှေ့ပြောင်းတာ၊ လှုပ်ခါတာမျိုး လုံးဝမလုပ်သင့်ပါဘူး။ ဒါ့အပြင် External HDD တွေကို အပြင်ယူသွားတဲ့အခါ Protective Pouch ဒါမှမဟုတ် Foam ပါတဲ့ အိတ်အထူလေးတွေထဲ ထည့်ယူတာက မတော်တဆ လွတ်ကျသွားရင်လည်း ထိခိုက်မှုကို အတော်အတန် လျှော့ချပေးနိုင်ပါတယ်။
နံပါတ် (၂)။ အပူချိန်၊ အစိုဓာတ်နဲ့ သံလိုက်စက်ကွင်းတွေကို ရှောင်ရှားပါ !!
HDD တွေအတွက် ဒုတိယအကြီးမားဆုံး ရန်သူကတော့ အပူလွန်ကဲခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် Internal Hard Disk တပ်ဆင်ထားတဲ့ Desktop ဒါမှမဟုတ် Laptop တွေမှာဆိုရင် Fan တွေကို အမြဲဖုန်ရှင်းပေးပြီး လေဝင်လေထွက် ကောင်းအောင် ထားရှိပေးရပါမယ်။ External HDD ဆိုရင်လည်း နေရောင်ခြည် တိုက်ရိုက်ထိတွေ့တဲ့နေရာ၊ အပူချိန်မြင့်မားတဲ့ နေရာတွေနဲ့ စိုထိုင်းဆများတဲ့ နေရာတွေမှာ ဘယ်တော့မှ မထားပါနဲ့။ နောက်ပြီး Hard Disk အတွင်းက Magnet တွေကို အနှောင့်အယှက်မဖြစ်စေဖို့ ထူထဲတဲ့ Speaker တွေ၊ Subwoofer တွေလို သံလိုက်စက်ကွင်း ပြင်းထန်တဲ့ ပစ္စည်းတွေရှိမယ်ဆိုရင် ခပ်ဝေးဝေးမှာ ထားရှိတာက အကောင်းဆုံးပဲဖြစ်ပါတယ်။
နံပါတ် (၃)။ စနစ်တကျ Plug Out လုပ်ပြီး Cable ကြိုးကို မလိုအပ်ဘဲ ဆွဲမဖြုတ်ပါနဲ့ !!!
External HDD ကို PC ကနေ ဖြုတ်တော့မယ်ဆိုရင် Unplug မလုပ်ခင် Operating System ထဲက "Safely Remove Hardware and Eject Media" ဆိုတဲ့ Eject function ကို အမြဲတမ်း နှိပ်ပေးရပါမယ်။ ဒါမှသာ Read/Write Head က သူ့ရဲ့ မူလနေရာ Safe Zone ကို ပြန်ရောက်သွားမှာဖြစ်ပြီး Head Crash ဖြစ်တာကို ကာကွယ်နိုင်မှာပါ။ ဒါ့အပြင် Connector Port တွေ ပျက်စီးမသွားအောင် သာမန်အားဖြင့် ကြိုးကို တင်းတင်းကျပ်ကျပ် မဆွဲပါနဲ့၊ တပ်ထားတဲ့အတိုင်း တည့်တည့်လေးပဲ ဖြည်းဖြည်းချင်း ဖြုတ်ပေးသင့်ပါတယ်။
နံပါတ် (၄)။ Software Maintenance နဲ့ Disk Health ကို ပုံမှန် စစ်ဆေးပါ !!!!
Internal Hard Disk ရဲ့ Performance ကျမသွားအောင်နဲ့ File တွေ စနစ်တကျ ရှိနေအောင် ပုံမှန် Defragment လုပ်ပေးဖို့ လိုပါတယ်။ Disk တွေရဲ့ ကျန်းမာရေးအခြေအနေကို သိရှိနိုင်ဖို့ CrystalDiskInfo လိုမျိုး Software လေးတွေနဲ့ S.M.A.R.T (Self-Monitoring, Analysis and Reporting Technology) Status ကို တစ်လတစ်ခါလောက် စစ်ဆေးပေးသင့်ပါတယ်။ အကယ်၍ Health Level ကျဆင်းနေတာ ဒါမှမဟုတ် Bad Sector တွေ တွေ့ရပြီဆိုရင်တော့ HDD အသစ် လဲလှယ်ဖို့နဲ့ Data တွေကို မပျောက်ပျက်ခင် မဖြစ်မနေ Backup ပြုလုပ်ထားဖို့ သတိပေးချင်ပါတယ်။
Hard disk တစ်လုံးဟာ ကျွန်တော်တို့ရဲ့ တန်ဖိုးရှိတဲ့ အမှတ်တရတွေ၊ အလုပ်နဲ့ပတ်သက်တဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ Data တွေကို ရေရှည်ထိန်းသိမ်းပေးထားတဲ့ ဘဏ္ဍာတိုက်လေးတစ်ခုပါပဲ။ နည်းလမ်းမှန်မှန်နဲ့ ဂရုတစိုက် ထိန်းသိမ်းအသုံးပြုသွားမယ်ဆိုရင် သင့်ရဲ့ Hard Disk ဟာ နှစ်ပေါင်းများစွာကြာအောင် စိတ်ချယုံကြည်စွာနဲ့ Data တွေကို ကာကွယ်စောင့်ရှောက်ပေးနေမှာ ဖြစ်ပါတယ်။ ဒီအသုံးဝင်တဲ့ Tips လေးတွေကို မိမိကိုယ်တိုင် လိုက်နာကျင့်သုံးရင်း နီးစပ်ရာ မိတ်ဆွေတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါဦးနော်။